ဒေါက်တာအောင်မြင့်ဦး

 

6+

 

 

 

 

 

 

 

 

 

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆိုတာ ရန်ကုန်တက္ကသိုလ်ဝင်းထဲကို အဓိပတိလမ်းအတိုင်း ဝင်လာရင် ဘွဲ့နှင်း သဘင်ခန်းမမရောက်ခင် လမ်းရဲ့ညာဘက် သစ်ပုပ်ပင်ကြီးရဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပညာပေါင်းစုံသိုမှီးရာ အထင်ကရ နေရာတစ်ခု ဖြစ်ပါတယ်။

 

ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ဆက်နွယ်ပြီး ပညာရှာမှီးသူတွေဟာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို အကြိမ်ကြိမ်အခါခါ ရောက်ရှိခဲ့ကြတာဖြစ်ပေမယ့် ဒီအဆောက်အအုံထဲမှာ ပုဂံခေတ် ကျန်စစ်သားမင်းကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ် စစ်စစ်တစ်ခုရှိတယ်ဆိုတာ သိတဲ့သူသိပ်များများစားစား မရှိလှပါဘူး။

 

ကျန်စစ်သားမင်းကြီးရဲ့ ရှေးဟောင်းအမွေအနှစ်

အခု ဒီအကြောင်းပြောမယ်ဆိုတော့ ရန်ကုန်တက္ကသိုလ်နဲ့ ကျန်စစ်သားမင်းကြီး ဘာဆိုင်လို့လဲလို့ ထင်ကောင်း ထင်မိကြပါလိမ့်မယ်။ ရန်ကုန်တက္ကသိုလ်တည်ထောင်ပြီး မကြာခင်ကာလမှာပဲ ကျန်စစ်သားမင်းကြီးရဲ့ ရှေးဟောင်း အမွေအနှစ်ဟာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒီအမွေအနှစ်ဟာ ကျန်စစ်သား မင်းကြီးလက်ထက် အေဒီ ၁၁ ရာစုကတည်းကဖြစ်လို့ အခုဆိုရင် နှစ်ပေါင်းတစ်ထောင်နီးပါး ရှိပြီဖြစ်တဲ့ ရှေးဟောင်း အမွေအနှစ်စစ်စစ် ဖြစ်ပါတယ်။ ဒီရှေးဟောင်းအမွေအနှစ်ဟာ အခုဆိုရင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ထဲမှာ ရန်ကုန်တက္ကသိုလ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရပစ္စည်းတစ်ခုအဖြစ်နဲ့ ခိုင်ခိုင်မာမာ တည်ရှိနေခဲ့ပါပြီ။

 

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲက ကျန်စစ်သားမင်းကြီးရဲ့ အမွေအနှစ်ဟာ ဘယ်လိုအရာမျိုးလဲ၊ ဒီအရာဟာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ထဲကို ဘယ်လိုရောက်လာတာလဲ၊ ဒီအရာရဲ့တန်ဖိုးနဲ့ အနှစ်သာရဟာ ဘယ်လောက်ရှိသလဲ .......။

 

ဒါတွေကို ပြောပြဖို့လိုမယ်ထင်ပါတယ်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ ဝင်ပေါက်ဝရဲ့ ညာဘက်စာငှားကောင်တာဘေးမှာ အင်္ဂတေကိုင်ပြီး စိုက်ထူထားတဲ့ ကျောက်စာတိုင်ကြီး တစ်တိုင်ကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီကျောက်စာတိုင်ကြီးရဲ့ အရွယ်ပမာဏကတော့ အမြင့် ခုနစ်ပေကျော်နဲ့ အနံ သုံးပေကျော်ရှိပါတယ်။ ဒီကျောက်စာတိုင်ကြီးဟာ မားမားမတ်မတ်တည်ရှိနေတာ ဖြစ်ပေမယ့် သတိမမူ ဂူမမြင်ဆိုသလို ဒီကျောက်စာတိုင်ကြီးကို သတိမူမိတဲ့သူ အင်မတန်နည်းပါတယ်။

 

ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ငယ်

ဒီကျောက်စာတိုင်ကို သတိပြုမိပြီး သေသေချာချာ ကြည့်လိုက်မယ်ဆိုရင် ကျောက်စာတိုင်မှာ ချိတ်ဆွဲထားတဲ့ "THE STONE INSCRIPTION OF KING KYANSITTHA OF PAGAN (THE 11th CENTURY)" ဆိုတဲ့ ဆိုင်းဘုတ်ငယ်ကလေးကို တွေ့ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်နီးပါးက အင်မတန်ရှေးကျတဲ့ ကျောက်စာတိုင်ကြီးဖြစ်ပေမယ့် နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တွေကင်းလွတ်တဲ့ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံထဲမှာ အကောင်းပကတိ တည်ရှိနေပါတယ်။

 

ဒီကျောက်စာမှာ ထွင်းထုထားတဲ့စာသား အများစုဟာ နဂိုမူလအတိုင်း ရှိနေပါသေးတယ်။ ကျောက်စာတိုင်ကြီးမှာ ထွင်းထုထားတဲ့စာတွေဟာ ရှေးဟောင်းမြန်မာစာအက္ခရာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် အလွယ်တကူ နားလည်နိုင်တဲ့ စာမျိုးတော့ မဟုတ်ပါဘူး။

ကျောက်စာတိုင်ကြီးအကြောင်းကို ဂဃနဏ မသိနိုင်တာရယ်၊ ကျောက်စာတိုင်မှာပါတဲ့ စာတွေအကြောင်း ဂဃနဏ မသိနိုင်တာရယ်ကြောင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ရောက်ဖူးပေမယ့် ဒီကျောက်စာတိုင်ကြီးကို အမှတ်တမဲ့ ဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။

 

တကယ်တမ်းလေ့လာကြည့်တဲ့အခါ ဒီကျောက်စာတိုင်ကြီးဟာ ရှေးဟောင်းအမွေအနှစ် ပစ္စည်းစစ်စစ်ဖြစ်သလို ကျောက်စာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဒီကျောက်စာတိုင်ကြီး ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိ လာခဲ့ပုံတွေဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ အခုအခါမှာ စာတန်းချိတ်ဆွဲထားလို့ ကျန်စစ်သား မင်းကြီးကျောက်စာဆိုတာ အလွယ်တကူ သိနိုင်ပေမယ့် ဒီကျောက်စာတိုင်ကြီးအကြောင်း ဇာစ်မြစ်ကို ခြေခြေ မြစ်မြစ်မသိရသေးခင်ကတော့ ဒီကျောက်စာတိုင်ကြီးဟာ အဖြေရှာရခက်တဲ့ ပဟေဠိပုစ္ဆာတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

 

ကိုလိုနီခေတ်မှာ ရန်ကုန်တက္ကသိုလ် မတည်ထောင်ခင်က ဒီကျောက်စာတိုင်ကြီးဟာ ရန်ကုန်မြို့ ဖယ်ယာပြတိုက် (Phayre Museum) မှာ ရှိခဲ့ပါတယ်။ ဖယ်ယာပြတိုက်ဟာ အခု ရန်ကုန်ဆေးရုံကြီးနေရာမှာ တိရစ္ဆာန်ရုံနဲ့အတူ တွဲဖက်တည်ရှိခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှလူမျိုးတွေဟာ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေအပေါ်မှာ အလွန် စိတ်ဝင်စားတန်ဖိုးထားတဲ့ လူမျိုးဖြစ်တာကြောင့် မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးချိန်မှာ နိုင်ငံတစ်ဝန်းက ရှေးဟောင်း အမွေအနှစ်ပစ္စည်းတွေကို ဖယ်ယာပြတိုက်မှာ စုဆောင်းသိမ်းဆည်းပြသထားခဲ့ပါတယ်။ ဒီကျောက်စာတိုင်ကြီး ကိုလည်း မြန်မာနိုင်ငံတစ်နေရာက သယ်ဆောင်လာပြီး ဖယ်ယာပြတိုက်မှာ စိုက်ထူပြသထားခဲ့ပါတယ်။

 

ပထမဆုံး ဖတ်ရှုခဲ့တဲ့သူ

ဒီကျောက်စာတိုင်ကြီးမှာ ရေးထားတဲ့စာတွေဟာ ရှေးဟောင်းစာတွေဆိုတာ သိပေမယ့် ဖယ်ယာပြတိုက်ကို ရောက်လာချိန်အထိ ဘယ်သူမှ မဖတ်နိုင်သေးပါဘူး။ ဒီကျောက်စာတိုင်ကြီးကို ပထမဆုံးဖတ်ရှုခဲ့တဲ့သူကတော့ လန်ဒန်တက္ကသိုလ် (London University) အရှေ့တိုင်းပညာ လေ့လာရေးကျောင်း (School of Oriental Studies) က ရှေးဟောင်းမွန်နဲ့ ပျူပါရဂူကြီး ဒေါက်တာ ဘလက်ဒင် (Dr. Charles Otto Blagden) ဖြစ်ပါတယ်။ ဒေါက်တာ ဘလက်ဒင် ဆိုတာကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး မြန်မာလူမျိုးကျောင်းအုပ်ကြီးဖြစ်လာမယ့် ဆရာကြီး ဦးဖေမောင်တင် အင်္ဂလန်နိုင်ငံမှာ သွားရောက်ပညာသင်ယူစဉ်က မွန်နဲ့ပျူ ရှေးဟောင်းစာတွေကို သင်ပေးခဲ့သူ ဖြစ်ပါတယ်။

 

ဒေါက်တာဘလက်ဒင်ဟာ မြန်မာပြည်ကို မရောက်ဖူးဘဲ ကျောက်စာမင်ကူးဓာတ်ပုံကိုကြည့်ပြီး ဖတ်ရှုအဓိပ္ပာယ် ပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ ဘလက်ဒင်က ကျောက်စာမှာရေးထိုးထားတဲ့ စာတွေဟာ ရှေးဟောင်း မွန်ကျောက်စာတွေ ဖြစ်ကြောင်းနဲ့ ကျောက်စာပါအကြောင်းအရာကို ဖော်ထုတ်ခဲ့ပါတယ်။ ဒေါက်တာဘလက်ဒင်ဟာ သူ့ရဲ့ ဖတ်ရှုရေးသားချက်တွေကို ၁၉၂၀ ပြည့်နှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ Epigraphia Burmanica အတွဲ (၁)၊ အပိုင်း(၂) မှာ ကျောက်စာမင်ကူး ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

 

ဒေါက်တာဘလက်ဒင်ဟာ ဖယ်ယာပြတိုက်ထဲက ဒီကျောက်စာရဲ့ အရေးအက္ခရာနဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ဖတ်ရှု နိုင်ခဲ့ပေမယ့် ကျောက်စာတိုင်ကြီးရဲ့ မူလနေရာကို မသိရှိဘဲဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လဲ ဒေါက်တာဘလက်ဒင်က ဒီကျောက်စာတိုင်ကြီးရဲ့ မူလနေရာကို သူမသိပါဘူး (The Original Location of this record is unknown to me) လို့ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ကျောက်စာ (ကြောင်းရေ-၄၇) မှာပါတဲ့ “စေတီကျောက်တလင်” ဆိုတဲ့ အမည်ကိုထောက်ပြီး အောက်မြန်မာနိုင်ငံ မွန်တို့ဒေသမှာရှိတဲ့ စေတီဘုရား တစ်ဆူဆူဖြစ်နိုင်ကြောင်း၊ ဘယ်ဒေသကဖြစ်တယ်ဆိုတာကိုတော့ အသေအချာမပြောနိုင်ကြောင်း ဆက်လက် ရေးသားခဲ့ပါတယ်။

၁၉၃၀ ပြည့်နှစ်ဝန်းကျင်မှာ ယခုရန်ကုန်ဆေးရုံကြီး နေရာမှာရှိတဲ့တိရစ္ဆာန်ရုံကို ယခုရန်ကုန်တိရစ္ဆာန်ဥယျာဉ် နေရာကို ပြောင်းရွှေ့လိုက်တဲ့အခါမှာ တိရစ္ဆာန်ရုံနဲ့တွဲဖက်ထားတဲ့ ဖယ်ယာပြတိုက်ကို ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီနေရာမှာရှိနေတဲ့ ကျောက်စာတိုင်ကြီးကို ရန်ကုန်မြို့ အတွင်းဝန်များရုံးမှာ ခေတ္တထားရှိခဲ့ပါတယ်။ ၁၉၃၃ ခုနှစ် လောက်မှာ ရန်ကုန်တက္ကသိုလ် အာဏာပိုင်တွေက ဒီကျောက်စာတိုင်ကြီးကိုရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ထဲကို ရန်ကုန်တက္ကသိုလ်က စရိတ်ခံပြီး သယ်ဆောင်ထားရှိခဲ့ပါတယ်။ အဲဒီအချိန်အထိ ကျောက်စာတိုင်ကြီးရဲ့ မူလနေရာကိုမသိရှိတဲ့အတွက် မူလနေရာမသိပါ (Place of Origin Unknown) လို့သာ တံဆိပ်တပ်ခဲ့ရပါတယ်။

 

သဲလွန်စကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့သူ

ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိလာတဲ့ မူလနေရာမသိ ဒီကျောက်စာတိုင်ကြီးရဲ့ သဲလွန်စကို ရှာဖွေဖော်ထုတ် နိုင်ခဲ့တဲ့သူကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး၊ မြန်မာစာဌာနရဲ့ ဖခင်ကြီး ဆရာကြီး ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃) ပဲ ဖြစ်ပါတယ်။ ဆရာကြီးဦးဖေမောင်တင်ဟာ ၁၉၃၆ ခုနှစ်၊ ဧပြီလ အားလပ်ရက်မှာ သုဝဏ္ဏဘုမ္မိ သထုံမြို့ဟောင်းတည်ရှိရာလို့ ယူဆရတဲ့ ကေလာသတောင်တစ်ဝိုက်ကို လေ့လာရေးခရီးထွက်ခဲ့ရာက အရက်သည်မ (ရက်ကန်းသည်မ)ရွာကို ရောက်ရှိခဲ့ပြီး ရွာရှိ လူကြီးသူမတွေနဲ့ စကားလက်ဆုံကျခဲ့ပါတယ်။

 

ရွာခံလူကြီးတွေကို မေးမြန်းရာက လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ (၁၈၈၆ ဝန်းကျင်)လောက်က အင်္ဂလိပ်အစိုးရအာဏာပိုင် တွေဟာ ရွာအနီးကေလာသတောင်ခြေမှာရှိတဲ့ ကျိုက်တလန်းဘုရား (ယခုအခေါ် မြသိန်းတန်ဘုရား)က ရှေးမွန် ဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာတိုင်ကြီးတစ်ချပ် တူးဖော်ရရှိခဲ့ကြောင်း၊ အဲဒီကျောက်စာတိုင်ကြီးကို ဖောင်ပေါ်တင်ပြီး သင်္ဘောနဲ့ဆွဲယူသွားကြောင်း၊ ရွာသားတစ်ဦး ရန်ကုန်မြို့ကို ရောက်ရှိတဲ့အခါ အဲဒီကျောက်စာတိုင် ကြီးကို တိရစ္ဆာန်ရုံမှာတွေ့ခဲ့ကြောင်း ပြောပြကြပါတယ်။ ဒီအကြောင်းကို ဆရာကြီး ဦးဖေမောင်တင်က ၁၉၃၈ ခုနှစ်ထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (Journal of the Burma Research Society - JBRS) အတွဲ (၂၈)၊ အပိုင်း(၁) မှာ “အရက်သည်မကုန်းပေါ်မှ ကျန်စစ်သားမင်းကြီး၏ မွန်ကျောက်စာ” (A Mon Inscription by Kyanzittha) ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

ဆရာကြီး ဦးဖေမောင်တင်ဟာ ကျောက်စာရဲ့ ကွင်းဆက်ကို ဆက်လက်ရှာဖွေ ဖော်ထုတ်ခဲ့ရာမှာ ၁၈၉၁ ခုနှစ်၊ ဒီဇင်ဘာလထုတ် “အိန္ဒိယရှေးဟောင်းသုတေသနမှတ်တမ်း” (Indian Antiquany) ပါကျောက်စာဝန်ဟောင်း တော်စိန်ခိုရဲ့ “ရာမညဒေသ ရှေးဟောင်းသုတေသနခရီး” (Archaeological Tour Through Ramannadesa) မှတ်တမ်းဖော်ပြချက်ကို ရည်ညွှန်းနိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းစာမျက်နှာ ၇ မှာ လွန်ခဲ့တဲ့ရှစ်နှစ်ခန့်က အရက်သည်မရွာ

အနီးက ရှေးဟောင်းမွန်ကျောက်စာတစ်တိုင်ကို ရန်ကုန်မြို့ ဖယ်ယာပြတိုက်ကို ယူဆောင်ခဲ့ကြောင်း ဖော်ပြထားပါ တယ်။ ဆရာကြီးဦးဖေမောင်တင်ဟာ အရက်သည်မရွာသားတွေရဲ့ ပြောကြားချက်နဲ့ ကျောက်စာဝန်ဟောင်း တော်စိန်ခိုရဲ့ မှတ်တမ်းကွင်းဆက်တွေအရ ဖယ်ယာပြတိုက်ကတစ်ဆင့် ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိလာတဲ့ ကျောက်စာတိုင်ကြီးဟာ မွန်တို့ဒေသ၊ ကေလာသတောင်ခြေ၊ အရက်သည်မရွာအနီးရှိ ကျိုက်တလန်းဘုရားက ကျောက်စာတိုင်ကြီးဖြစ်ကြောင်း ခိုင်မာတိကျစွာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

 

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ထဲကို ရောက်ရှိနေတဲ့ ရှေးဟောင်းကျောက်စာတိုင်ကြီးရဲ့ မူလတွေ့ရှိရာနေရာ အရက်သည်မ (ရက်ကန်းသည်မ) ရွာဟာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအုပ်စု၊ ကေလာသ တောင်ခြေမှာ တည်ရှိပါတယ်။

 

ကျောက်စာထဲမှာဖော်ပြထားတဲ့ ကျိုက်တလန်းဘုရားကတော့ အရက်သည်မရွာရဲ့ အနောက်ဘက်၊ ဝေပုလ္လ တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ ဒီတောင်ကုန်းဟာ ကေလာသတောင် ဆင်ခြေလျှောက ဆက်လာတဲ့ တောင်ကုန်းဖြစ်ပါတယ်။ ဒီတောင်ကုန်းပေါ်မှာတော့ ပုဂံခေတ်ကတည်းက ကျန်စစ်သားမင်းပြုပြင်ခဲ့ပြီး ယနေ့တိုင် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့တဲ့ ကျိုက်တလန်းဘုရား (ယခုအခေါ် မြသိန်းတန်ဘုရား) ကို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။

 

“ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီးဟာ မြန်မာသက္ကရာဇ် ၄၄၆ ခုနှစ် (အေဒီ ၁၀၈၄) မှာ ပုဂံထီးနန်းကို ဆက်ခံပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံတော်ကြီးကို စုစည်းတည်ထောင်ဖို့အတွက် အနယ်နယ်အရပ်ရပ်ကို လှည့်လည်ခဲ့ပါတယ်။ ရာမညဒေသ ကေလာသတစ်ဝိုက်ကို ရောက်ရှိခဲ့တဲ့အခါ ပျက်စီးယိုယွင်းနေတဲ့ ကျိုက်တလန်းစေတီကို တွေ့ရှိခဲ့တဲ့ အတွက် ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ဒီစေတီဟာ ကျန်စစ်သားမင်းတွေ့တဲ့အချိန်မှာ ပျက်စီးယိုယွင်းနေပြီဆိုတော့ အလွန်ရှေးကျတဲ့ စေတီတစ်ဆူဆိုတာ မှန်းဆလို့ရနိုင်ပါတယ်။ ကျန်စစ်သားမင်းကြီးဟာ ဒီစေတီကို ပြုပြင်မွမ်းမံ ပြီးတဲ့နောက် သူ့ရဲ့ကောင်းမှုကို မွန်ဘာသာနဲ့ ကျောက်စာရေးထိုး မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

 

ကျောက်စာရေးထိုးချိန်ဟာ မြန်မာသက္ကရာဇ် ၄၆၀ ခုနှစ် ဝိသာခါ(ကဆုန်)လဆန်း တစ်ဆယ့်သုံးရက် သောကြာနေ့ ဖြစ်တယ်လို့ ကျောက်စာမှာ အတိအကျဖော်ပြထားပါတယ်။ ခရစ်နှစ်အားဖြင့် အေဒီ ၁၀၉၈ ခုနှစ် ဧပြီလ ၁၆ ရက် သောကြာနေ့ဖြစ်ပါတယ်။ အခုဆိုရင် ကျောက်စာတိုင်ကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၉၂၂ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ဒီကျောက်စာတိုင်မှာ ရေးထိုးတဲ့ ခုနှစ်သက္ကရာဇ်ကို အတိအကျဖော်ပြထားတဲ့အတွက် စာပေလေ့လာမှုနဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းအတွက် များစွာအထောက်အကူပြုလျက်ရှိပါတယ်။ ဒီကျောက်စာတိုင်ကြီးဟာ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်ပေါင်း ၁ဝဝ ပြည့်တော့မယ့် ရန်ကုန်တက္ကသိုလ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှစ်ပေါင်း ၈၂၀ ကျော်စောတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်ပါတယ်။

 

မွန်ဘာသာနဲ့ ကျောက်စာရေးထိုး မှတ်တမ်းတင်

ကျန်စစ်သားမင်းကြီးဟာ သူစိုးစံစဉ်ကာလမှာ ပြည်ထောင်စုကြီး ကျယ်ပြန့်ခိုင်မာရေး၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေးနဲ့ တိုင်းပြုပြည်ပြုလုပ်ငန်းတွေကို အစွမ်းကုန် ဆောင်ရွက်ခဲ့တဲ့ မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း ကြွချီပြီး တိုင်းပြုပြည်ပြု လုပ်ငန်းတွေကို ဆောင်ရွက်ပြီးတဲ့နောက် မိမိရဲ့ လုပ်ဆောင်ချက်တွေကို မွန်ဘာသာနဲ့ကျောက်စာရေးထိုး မှတ်တမ်းတင်ခဲ့ပါတယ်။ ပုဂံမှာ မြကန်နဲ့ အလံပုဂံကန် တွေကို တူးဖော်ပြီးတဲ့နောက် မြကန်မွန်ကျောက်စာနဲ့ အလံပုဂံ မွန်ကျောက်စာ၊ သထုံ ကျိုက်တလန်းဘုရားကို ပြုပြင်ပြီးတဲ့နောက် ကျိုက်တလန်းမွန်ကျောက်စာ၊ ကျိုက်တလန်းဘုရားနဲ့ ခရီးမကွာဝေးလှတဲ့ သထုံအလူးကျေးရွာ မှာရှိတဲ့ ကျိုက်တဲဘုရားကို ပြုပြင်ပြီးတဲ့နောက် ကျောက်တံမွန်ကျောက်စာ စတဲ့ ကျောက်စာတွေကို ရေးထိုးစိုက်ထူ ခဲ့ပါတယ်။ ရွှေစည်းခုံမွန်ကျောက်စာ၊ ပြည်ရွှေဆံတော် မွန်ကျောက်စာတွေကတော့ တိုင်းသူပြည်သားတွေရဲ့ လိုအင်ကို ဖြည့်ဆည်းပေးမယ့် ကျန်စစ်သားမင်းကြီး အကြောင်းရေးထားတဲ့ ကျောက်စာတွေအဖြစ်နဲ့ ထင်ရှား ပါတယ်။

 

ကျန်စစ်သားမင်းကြီး မွန်ကျောက်စာတွေ ရေးထိုးခဲ့တဲ့အချိန်မှာ မြန်မာစာအရေးအသား ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားသေးပါဘူး။ မြကန်မွန်ကျောက်စာ မှာပါတဲ့ “လက်ဆယ်ခိရိယ်” (လက်ဆွဲချီရေ) ဆိုတဲ့ စာသားကလေးကို အစောဆုံး မြန်မာစာအဖြစ် အမှတ်အသားပြုခဲ့ကြပါတယ်။ ကျန်စစ်သားမင်းကြီးရေးထိုးခဲ့တဲ့ မွန်ကျောက်စာတွေဟာ မြန်မာစာအရေးအသား ဖြစ်ထွန်းမှုအတွက် အရင်းခံအက္ခရာတွေ၊ အရင်းခံအရေးအသားတွေ ဖြစ်တယ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါ့အပြင် ကျန်စစ်သားမင်းကြီးရဲ့ မွန်ကျောက်စာတွေဟာ ကျန်စစ်သားမင်းကြီးရဲ့ မွန်-ဗမာ ချစ်ကြည်ရင်းနှီးမှုအတွက် ကြိုးပမ်းဆောင်ရွက်ချက်တွေလည်း ဖြစ်ပါတယ်။ မြန်မာစာအရေးအသား သမိုင်းကြောင်း ကို လေ့လာသူတွေဟာ ကျန်စစ်သားမင်းကြီးရဲ့ မွန်ကျောက်စာတွေကို မလေ့လာလို့မရသလို မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့ သမိုင်းကြောင်းကို လေ့လာသူတွေဟာလည်း ဒီကျောက်စာ တွေကို ပစ်ပယ်ထားလို့ မရနိုင်ပါဘူး။

 

ကိုလိုနီခေတ်မှာ ဖယ်ယာပြတိုက်ထဲထားရှိခဲ့တဲ့ ကျန်စစ်သားမင်းကြီးရဲ့ ကျိုက်တလန်း မွန်ကျောက်စာတိုင်ကြီးကို ဖယ်ယာပြတိုက် ဖျက်သိမ်းတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်အာဏာပိုင်တွေက အမြော်အမြင်ကြီးမားစွာနဲ့ ရန်ကုန် တက္ကသိုလ်ထဲကို ကိုယ့်စရိတ်နဲ့ကိုယ် သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ထဲ ရောက်လာတော့ လည်း စာပေအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ရုံသာမက တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှုပြယုဂ်ဖြစ်တဲ့ ဒီကျောက်စာတိုင်ကြီးကို သူနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ ပညာရတနာပေါင်းဆုံရာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံထဲမှာ ထားရှိခဲ့တာဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ တခြားရှေးဟောင်း ကျောက်စာတိုင်တွေဟာ ကောင်းစွာထိန်းသိမ်းထားနိုင်ခြင်း မရှိသေးတဲ့အချိန်မှာ စစ်ဘေးစစ်ဒဏ်တွေ၊ မိုးဒဏ် လေဒဏ်တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြရပေမယ့် ဒီကျောက်စာတိုင်ကြီးကတော့ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက် ထဲမှာ မပျက်မစီးဘဲ နဂိုမူလ ထိန်းသိမ်းထားစဉ်ကအတိုင်း မားမားမတ်မတ် တည်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

စာကြည့်တိုက်ဝင်ဝင်ချင်းမှာ မားမားမတ်မတ်ရှိနေတဲ့ ကျောက်စာတိုင်ကြီး

ပညာရပ်နယ်ပယ်မှာ မူလအထောက်အထားဆိုတာ လွန်စွာမှ အရေးကြီးလှပါတယ်။ နိုင်ငံတစ်နိုင်ငံ လူမျိုး တစ်မျိုးရဲ့ စာပေလေ့လာမှု၊ ယဉ်ကျေးမှုအစဉ်အလာနဲ့ သမိုင်းကြောင်းလေ့လာမှုတွေအတွက် လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင် လောက်က မူလအထောက်အထားရဖို့ဆိုတာ သိပ်လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအခွင့်အရေးကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ နိုင်ငံရပ်ခြားတက္ကသိုလ်တွေက ပညာရှင်တွေ ရောက်ရှိလာတဲ့အခါ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ပြသဖို့ခေါ်ဆောင်ရင်း စာကြည့်တိုက်ဝင်ဝင်ချင်းမှာ မားမားမတ်မတ်ရှိနေတဲ့ ကျောက်စာတိုင်ကြီးကိုပြပြီး ဒါတို့နိုင်ငံက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က ရှေးဟောင်းကျောက်စာတိုင်ကြီးနဲ့ ရှေးဟောင်းစာ အရေးအသားတွေပါလို့ ရှင်းပြတဲ့အခါ သူတို့ပါးစပ်အဟောင်း သားနဲ့ တအံ့တဩမောကြည့်ရှုကြရပါတယ်။

 

ဒီလိုအလွန်စိတ်ဝင်စားစရာကောင်းပြီး အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တစ်ရပ် ရန်ကုန်တက္ကသိုလ်ထဲမှာ ရှိနေတာဟာ ရန်ကုန်တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ ရန်ကုန် တက္ကသိုလ်နဲ့ မကင်းနိုင်သူတွေအားလုံးအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူး ခဲ့ကြသူတွေ၊ ဆည်းပူးနေကြသူတွေ၊ ရန်ကုန်တက္ကသိုလ်ကို ရောက်ဖူးခဲ့ကြသူတွေဟာ ဒီကျောက်စာတိုင်ကြီး အကြောင်း ကောင်းကောင်းမသိဘူးဆိုရင်၊ ဒီကျောက်စာတိုင်ကြီးကို ကောင်းကောင်းမကြည့်ဖူးဘူးဆိုရင် အင်မတန် နှမြောစရာ ကောင်းလှပါတယ်။ ဒါကြောင့် မကြာခင်ကျရောက်တော့မယ့် ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်အခါသမယ ကို အကြောင်းပြုပြီး ရန်ကုန်တက္ကသိုလ်ထဲကို တစ်ခါတစ်ခေါက် အလည်ရောက်မယ်ဆိုရင်ဖြင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ထဲက နှစ်ပေါင်း တစ်ထောင်နီးပါးရှိပြီဖြစ်တဲ့ ကျန်စစ်သားမင်းကြီးရဲ့ အမွေအနှစ်ရှေးဟောင်း ကျောက်စာတိုင်ကြီးကို လာရောက်ကြည့်ရှုလှည့်ကြပါလို့ ဖိတ်ခေါ်လိုက်ရပါတယ်။     ။