၈ နိုင်ဝင်ဘာ

အကြိတ်အနယ်ရှိလှသည့် အမေရိကန်ရွေးကောက်ပွဲကြီးတွင် သူနိုင်ကိုယ်နိုင် အပြိုင်နွှဲနေကြသော ဒီမိုကရက် ဂျိုးဘိုင်ဒင်နှင့် ရီပတ်ဘလီကန် ဒေါ်နယ်ထရမ့်တို့အနက် မည်သူမည်ဝါ အောင်ပွဲခံနိုင်အံ့ ပါသနည်းဟူ၍ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးက မျက်လုံးဒေါက်ထောက် စောင့်ကြည့် နေကြသည့်တိုင်အောင် ရွေးကောက်ပွဲရလဒ်မှာ တစ်ပြိုင်နက်တစ်ချက်တည်း ထွက်ပေါ်မလာသေးဘဲ အကြိတ်အနယ် ယှဉ်ပြိုင်ကြရသော ပြည်နယ်အချို့တွင် မဲရေတွက်မှုကို တရကြမ်း ဆက်လက်ပြုလုပ်နေရဆဲ ဖြစ်သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ရင်ခုန်စရာ တစ်ပုံတစ်ခေါင်းနှင့်အတူ ငြိမ့်ငြိမ့်ညောင်းညောင်းရှိလှသော ထိုရွေးကောက်ပွဲကြီးနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်နေသည့် သတင်းရေယာဉ်ကြောအတွင်း စီးမျောလိုက်ပါမိလေ၏။

တစ်မူထူးစွာ နှောင့်နှေးကြန့်ကြာ 

ပုံမှန်အားဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်မှာ အများပြည်သူမဲပေးအပြီး တစ်ရက်ခန့်အကြာ ကာလအတွင်းမှာပင် ပေါ်ထွက်လာလေ့ရှိသော်လည်း ယခုတစ်ကြိမ် ရွေးကောက်ပွဲမှာမူ ယခင်နှင့်မတူ တစ်မူထူးကဲစွာ နှောင့်နှေးကြန့်ကြာခဲ့ရ၏။

အကြောင်းမူကား ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ ဆုံးခန်းတိုင်ခြင်း မရှိသေးသဖြင့် အမေရိကန်ပြည်သူများက ကြိုတင်မဲပေးမှုကို အားတက်သရော ပြုလုပ်ခဲ့ကြရာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရသော ပြည်နယ်အချို့တွင် မဲရေတွက်မှုကို အချိန်ယူပြုလုပ်ခဲ့ရခြင်းကြောင့် ဖြစ်၏။

နိုဝင်ဘာလ ၇ ရက် နံနက်ခင်းရောက်ချိန် မဲပေးပွဲအပြီး လေးရက်မျှ ကြာမြင့်လာချိန်အထိ ပြည်နယ်များ အလိုက် မဲရလဒ်များ တဖွဲဖွဲပေါ်ထွက်လာနေပြီး ယခင့်ယခင်ကနှင့်မတူ တစ်မူထူးကဲလှသော ရလဒ်များက ရောင်စုံမီးများ ရောင်ပြန်ဟပ်ဘိသကဲ့သို့ တဖြတ်ဖြတ်နှင့် ရှိနေချေ၏။

ယခုတစ်ကြိမ် ရွေးကောက်ပွဲကြီးတွင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာသူတစ်ဦးသည်ကား ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဂျိုးဘိုင်ဒင်ဖြစ်ပြီးလျှင် သူသည် ပြည်သူတို့၏ အသည်းကြားမှ မဲတစ်ပြားကို ဆွတ်ခူးရယူအံ့ပုံအသွင်ကို ထူးထူးခြားခြား လှစ်ဟလျက်ရှိချေ၏။

အမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက် ဒုတိယသမ္မတအဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန် ထမ်းရွက်ခဲ့သူ ဘိုင်ဒင်သည် ဝါရင့်သမ္ဘာရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီးလျှင် နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်၏။ ၁၉၇၃ ခုနှစ်တွင်ဒယ်လာဝဲပြည်နယ်၏ အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရစဉ်က သူ၏အသက်မှာ ၂၉ နှစ်မျှသာ ရှိသေး၏။ ၂၀၀၉ ခုနှစ်အထိ ယင်းပြည်နယ်၏ အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့၏။

ဆီးနိတ်တာ (အထက်လွှတ်တော်အမတ်)အဖြစ် တာဝန်ယူစဉ် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ တရားရေးကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့ကြောင်း ကျွန်ုပ်လေ့လာတွေ့ရှိရသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဘာရက်အိုဘားမား၏ အစိုးရအဖွဲ့လက်ထက်တွင် ဒုတိယသမ္မတတာဝန်ကို ရယူခဲ့ပြီး ၁၉၈၈ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် သမ္မတလောင်းလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ချေ။

ဒယ်လာဝဲတက္ကသိုလ်မှ သမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် ဆိုင်ယာကပ်စ် ဥပဒေကောလိပ်ကျောင်းမှ ဘွဲ့ရရှိခဲ့သူ ဘိုင်ဒင်သည် သမ္မတဖြစ်ရေးအိပ်မက်ကို နှစ်ပေါင်း ၃၀ ကျော် တရေးထင်ထင် ရှိခဲ့ပြီးသော် ယခုနှစ် ရွေးကောက်ပွဲကြီးတွင် အောင်ပန်းဆွတ်ခူးရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု နိုဝင်ဘာ ၇ ရက် သတင်းများအရ ကျွန်ုပ်သိရှိရလေသည်။

ဤဆောင်းပါးပြုစုနေဆဲအချိန်တွင် အကြိတ်အနယ်အရှိဆုံး ယှဉ်ပြိုင်ရသော ပင်ဆယ်လ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ နီဗားဒါးနှင့် မြောက်ကာရိုလိုင်းနားပြည်နယ်တို့တွင် မဲအများစု ရေတွက်ပြီးစီးနေချိန်ဖြစ်ပြီး မဲရလဒ်များအရ ဘိုင်ဒင်က သမ္မတထရမ့်ထက် အသာရရှိနေကာ အောင်ပွဲခံလုလု အနေအထားသို့ ရောက်ရှိနေပြီဟု ကျွန်ုပ်သိရှိရ၏။

'တိုက်ပွဲ'တစ်ပွဲကဲ့သို့ မီးကုန်ယမ်းကုန်တိုက်ခိုက်ကြရသည့် ပြည်နယ်များအဖြစ် ရှုမြင်ကြသော ပြည်နယ်များတွင် စာတိုက်မှပေးပို့သော ကြိုတင်မဲများကို ဆက်လက်ရေတွက်ခဲ့ကြသည်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်နှင့် ဂျော်ဂျီယာ ပြည်နယ်တို့တွင် ဘိုင်ဒင်က ထရမ့်ထက် မဲအသာရရှိနေ ခြင်းဖြင့် ဒီမိုကရက်သမ္မတလောင်းအနေဖြင့် ပန်းတိုင်ကို လှမ်းကိုင်ရန် တရွေ့ရွေ့ချဉ်းကပ်လာနေပေပြီ။

ဂျော်ဂျီယာ ပြည်နယ်ဟူသည်မှာကား 'ရီပတ်ဘလီကန်' တို့၏ ခြေကုပ်စခန်းအဖြစ် ကာလအစဉ်အဆက် ရပ်တည်ခဲ့သော ပြည်နယ်ဖြစ်ပေရာ သမ္မတထရမ့်အနေဖြင့် 'မရဲသော်လည်းပြေးခဲစေ' ဟူဘိသို့ပင် အရှုံးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်တိုင် အလွယ်တကူ အလျှော့မပေးဘဲ ဟန်မပျက် ရင်ဆိုင်လျက်ရှိနေလေသည်။

"မဲမသမာမှုတွေနဲ့ တိုင်ဒင်အာဏာယူဖို့ လုပ်နေကြလေရဲ့ " ဟူ၍ သမ္မတထရမ့်က ရှူးရှူးရှဲရှဲစွပ်စွဲပြစ်တင်ခဲ့ရာ သူ၏ အားကျမခံစိတ်ဓာတ်ကို လူထုက သိရှိနားလည်ကြပြီးဖြစ်၏။ သမ္မတထရမ့်၏ အားကျမခံကြုံးဝါးသံတို့ကို လေဖမ်းဒန်းစီး ပြောဆိုကြလင့်ကစား သူ့ဘက်မှ အခိုင်အမာ ထောက်ခံသူများ ချက်ချင်းလက်ငင်းပေါ်ထွက်လာခြင်း မရှိခဲ့ပေ။

သိမ့်သိမ့်တုန်စေ

ရွေးကောက်ပွဲ မဲစာရင်းရလဒ် အတိအကျသိရှိနိုင်ရန် ရက်အနည်းငယ်မျှ အချိန်ယူရဖွယ်ရှိနေသည့်တိုင်အောင် ဘိုင်ဒင်မှာ အမေရိကန်နိုင်ငံရေး လောကကြီးတစ်ခုလုံးကို သိမ့်သိမ့်တုန်စေမည့် အခင်းအကျင်းသို့ တစ်စစ ချဉ်းနင်းဝင်ရောက်လာနေပြီဟု မီဒီယာများက ထုတ်လွှင့်နေကြပေပြီ။

ယခုအချိန်အထိ သန်းပေါင်းများစွာသော မဲပြားများကို ရေတွက်နေရဆဲဖြစ်သော်လည်း ဘိုင်ဒင်မှာ ပြည်သူတို့၏ ထောက်ခံမဲပေါင်း ၇၃ သန်းကျော် ရရှိထားရာ ယင်းမှာ အမေရိကန်ရွေးကောက်ပွဲသမိုင်းတွင် ထောက်ခံမဲရရှိမှုအရ စံချိန်တင်နိုင်သည်ဆို၏။

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတကို ရွေးချယ်ရာတွင် ပြည်သူ့ထောက်ခံမဲရရှိရုံမျှဖြင့် ဆုံးဖြတ်သည်မဟုတ်မူ၍ သမ္မတရွေးချယ်တင်မြှောက်သူများအဖွဲ့ (ဝါ) အီလက်တိုယယ်ကောလိပ်က ထပ်မံရွေးကောက်တင်မြှောက်သော စနစ်ကို ကျင့်သုံးပေသည်။

ပြည်နယ်တစ်ပြည်နယ်၏ လူဦးရေ အချိုးအစားအလိုက် ကွန်ဂရက်လွှတ်တော်တွင် အမတ်ဦးရေ ရရှိမှု အချက်အပေါ်အခြေခံကာ ပြည်နယ်တစ်ပြည်နယ်ချင်း အလိုက် 'ရွေးကောက်ပွဲကိုယ်စားလှယ်' ဦးရေကို သတ်မှတ်ထား၏။

သမ္မတရွေးချယ်တင်မြှောက်သူများအဖွဲ့သည် သမ္မတကိုရော၊ ဒုတိယသမ္မတကိုပါ ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။ ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်အရ ပြည်နယ်အလိုက် 'ရွေးကောက်ပွဲကိုယ်စားလှယ်' များကို ခန့်အပ်လေ့ရှိသည်။

'သမ္မတရွေးချယ်တင်မြှောက်သူများအဖွဲ့တွင် ကိုယ်စားလှယ်တော် ၅၃၈ ဦးရှိပေရာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရေးအတွက် ယင်းအရေအတွက်၏ ထက်ဝက်ကျော် (၂၆၉+၁) ၂၇၀ အနည်းဆုံးရရှိရန် လိုအပ်ပေလိမ့်မည်။

အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံးပြည်နယ် ခြောက်ပြည်နယ်မှာ 'ရွေးကောက်ပွဲကိုယ်စားလှယ်' အများဆုံးရှိသည့် ပြည်နယ်များဖြစ်ကြပြီးလျှင် ယင်းပြည်နယ်များမှာ ကာလီဖိုးနီးယား (၅၅)၊ တက္ကဆပ် (၃၈)၊ နယူးယောက် (၂၉)၊ ဖလော်ရီဒါ (၂၉)၊ အီလီနွိုက်စ် (၂၀)၊ ပင်ဆယ်လ်ဗေးနီးယား (၂၀) အသီးသီးဖြစ်ကြလေသည်။

အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲစနစ်အရ တစ်နိုင်ငံလုံးတွင် ပြည်သူများထည့်သည့် စုစုပေါင်းမဲအရေအတွက် အများစုကိုရရှိသော်လည်း 'ရွေးကောက်ပွဲ ကိုယ်စားလှယ်' မဲအရေအတွက် နည်းသွားခြင်းကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ရသည့် အခြေအနေမျိုးကို ၂၀၀၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်သမ္မတလောင်း အယ်လ်ဂိုးနှင့် ၂၀၁၆ ခုနှစ်တွင် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်တို့ တွေ့ကြုံခဲ့ရဖူးလေသည်။

နိုဝင်ဘာ ၇ ရက် နံနက် အခြေပြမဲရလဒ်အရ ရေကုန်ရေခန်း ယှဉ်ပြိုင်ကြရသော ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွင် ဘိုင်ဒင်က ထောက်ခံမဲ ဦးဆောင်ရရှိနေသည်။ အကယ်၍ ဘိုင်ဒင်သည် ယင်းပြည်နယ်တွင် အနိုင်ရရှိပါက 'ရွေးကောက်ပွဲကိုယ်စားလှယ်' မဲ၂ဝ ရရှိကာ အမေရိကန်ပြည်ထောင်စု၏ ၄၆ ဦးမြောက် သမ္မတ ဖြစ်လာပေလိမ့်မည်။

ထိုစဉ်အတွင်း ရီပတ်ဘလီကန်ပါတီ၏ အမာခံနယ်မြေအဖြစ် ရပ်တည်ခဲ့သော ဂျော်ဂျီယာပြည်နယ်တွင် မဲများကို ပြန်လည်ရေတွက်လျက်ရှိသည်။ ဘိုင်ဒင်သည် ယင်းပြည်နယ်တွင် ထောက်ခံမဲ ၄၀၀၀ ခန့် အသာရရှိကာ နှာတစ်ဖျားဖြင့် ဦးဆောင်နေသည်ဆို၏။

နီဗားဒါးပြည်နယ်နှင့် အရီဇိုးနားပြည်နယ်တို့တွင်လည်း ဘိုင်ဒင်က ဦးဆောင်နေပြီး အောင်မြင်မှု လမ်းခုလတ်ဝယ် ရောက်ရှိနေ၏။ အကယ်၍ ဘိုင်ဒင်သည် ယင်းပြည်နယ်တွင် အနိုင်ရကာ 'ရွေးကောက်ပွဲကိုယ်စားလှယ်' မဲ၁၁ မဲကို ရရှိမည်ဆိုပါက သူဦးဆောင်နေသော ပြည်နယ်များ (ပင်ဆယ်လ်ဗေးနီးယား၊ နီဗားဒါးနှင့် ဂျော်ဂျီယာ) အနက် ပြည်နယ်တစ်ပြည်နယ်တွင် အောင်ပွဲခံရုံမျှဖြင့် သမ္မတဖြစ်ရန် လမ်းပွင့်သွားပေလိမ့်မည်။
အကယ်၍ အရီဇိုးနားပြည်နယ် မဲရလဒ်ကို ဖယ်ထုတ်ထားသည်ထားဦး၊ ပင်ဆယ်လ်ဗေးနီးယားပြည် နယ်တွင် အောင်ပွဲခံရုံမျှဖြင့် အိမ်ဖြူတော်တွင် ဘိုင်ဒင် စိုးစံရန် လမ်းရှင်းသွားပေပြီ။

ဘိုင်ဒင်နှင့် သူ၏ တွဲဖော်တွဲဖက် ကဉ္စလာဟဲရစ္စ (ဒုတိယသမ္မတလောင်း) တို့သည် ဒယ်လာဝဲပြည်နယ် ဝယ်လင်တန်မြို့၌ နိုင်ငံတော်သို့ (ပြည်သူများသို့) အမေရိကန်စံတော်ချိန် နိုဝင်ဘာ ၆ ရက်ညက မိန့်ခွန်းပြောကြားခဲ့ကြခြင်းမှာ ဒီမိုကရက်ပါတီ၏ အောင်မြင်မှုကို သရုပ်ဖော်ခြင်းအဖြစ် ပြည်သူများက ရှုမြင်ကြရ၏။

"ပြည်သူများ စိတ်အေးအေးထားကြပါခင်ဗျား။ ဒီမိုကရေစီက အလုပ်ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ မဲတွေကို ရေတွက်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲကြီး မဟုတ်တော့ပါဘူး။"

အမေရိကန်ရွေးကောက်ပွဲကို အဆုံးအဖြတ် ပေးနိုင်ဖွယ်ရှိသည်ဟု ယူဆရသော အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ပြည်နယ်များတွင် ဘိုင်ဒင် အသာစီးရရှိမှု တိုး၍တိုး၍ သရုပ်ပေါ်လွင်လာသည့် တိုင်အောင် ထရမ့်မှာ အာဏာမစွန့်လွှတ်လိုပုံကို အထင်အရှားပြသခဲ့ပြီး နိုင်ငံရေးအရ သူသရိုးသရီဖြစ်နေပုံကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ကြရ၏။

သမ္မတထရမ့်အနေဖြင့် ရွေးကောက်ပွဲရလဒ်၏ ပကတိအခြေအနေမှန်ကို လက်ခံကာ သူရှုံးပါပြီဟု ဖွင့်ဟ
ကြေညာရန် အိမ်ဖြူတော်လက်ထောက်များက တိုက်တွန်းသည်လည်းရှိသလို အရှုံးမပေးဘဲ ဥပဒေကြောင်းအရ ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းသည်လည်းရှိကြောင်း မီဒီယာသတင်းများအရ သိရသည်။ သို့ရာတွင် သမ္မတထရမ့်ကိုယ်တိုင်ကမူ အသာတကြည် အလျှော့ပေးလိုခြင်းမရှိသည့် လက္ခဏာများကို ပြသနေဆဲဖြစ်သည်။

ဟန်ရေးတပြပြ 

ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ များပြားခြင်း၊ စာတိုက်မှတစ်ဆင့် မဲပေးသူဦးရေ တိုးပွားလာခြင်းတို့
ကြောင့် မဲရေတွက်ရာတွင် ကြန့်ကြာခဲ့ရပြီး သမ္မတထရမ့်က 'ယောက်ျားတို့စွမ်းပကား သေခါမှလျှော့' ဟူသော ထုံးကို နှလုံးမူ၍ ဥပဒေကြောင်းအရ ဆက်လက်တိုက်ပွဲဝင်ရန် ဟန်ရေးတပြပြရှိချေ၏။

နိုဝင်ဘာ ၇ ရက် နံနက်ခင်း ဗြိတိသျှသတင်းစာ 'သည်တယ်လီဂရပ်ဖ်' အွန်လိုင်းသတင်းစာ အဆိုအရ ကျွန်ုပ်သိရှိရသည်မှာ သမ္မတထရမ့်သည် ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးဖွယ်ရှိသော ပြည်နယ်ငါးပြည်နယ်တွင် တရားစွဲဆိုမှုများ ပြုလုပ်ရန် ဟန်ပြင်လျက်ရှိသည် ဆိုခြင်းဖြစ်၏။

ယင်းပြည်နယ်များ၏ စီရင်စုအများအပြားတွင်  မသမာသော မဲပြားများကို ထည့်သွင်းရေတွက်ခဲ့သည်ဟု ထရမ့်ကဆိုကာ တရားစွဲဆိုရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ တရားစွဲဆိုလာမည်ဆိုလျှင် ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်ကို အတိအကျသိရှိရန် သီတင်းပတ်နှင့်ချီ၍ စောင့်ဆိုင်းကြရပေဦးမည်။

ဂျော်ဂျီယာ၊ ဝစ္စကွန်ဆင်၊ နီဗားဒါး၊ ပင်ဆယ်လ်ဗေး နီးယားပြည်နယ်တို့တွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ဥပဒေကြောင်းအရ တိုက်ပွဲဝင်ခဲ့ကြပုံများကို ကျွန်ုပ်တို့တွေ့မြင်ကြရသည်။

ယခုအချိန်တွင်မူ ဘိုင်ဒင်အနိုင်ရလုဆဲဆဲ အနေအထားတွင် ရှိနေသော်လည်း ဒီမိုကရက်တစ်ပါတီ၏အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ပြောကြားသလို မဲအားလုံး ရေတွက်ပြီးစီးချိန်အထိ စိတ်ရှည်ရှည်ထား၍ စောင့်ဆိုင်းနေကြရပေသည်။

အေပီသတင်းဌာနကြီး၏ နိုဝင်ဘာ ၇ ရက် မဲရလဒ် လေ့လာစောင့်ကြည့်ချက်အရ ဘိုင်ဒင်က 'ရွေးကောက်ပွဲ ကိုယ်စားလှယ်' မဲ ၂၆၄ မဲ၊ ထရမ့်က ၂၁၄မဲ ရရှိထားရာ ဒီမိုကရက်တစ်ပါတီ၏ လူစွမ်းကောင်းကြီးက အောင်ပွဲခံမည့်ကိန်းဂဏန်း ၂၇ဝ ပြည့်မီရန် နောက်ထပ်ခြောက်မဲမျှသာလိုပေပြီ။ အေပီသတင်းဌာန၏ တွက်ကိန်းအရ ၉၅ ရာခိုင်နှုန်း မဲရေတွက်ပြီးစီးပြီဖြစ်သော အရီဇိုးနား ပြည်နယ်ကို ထည့်သွင်းတွက်ချက်ထားပြီး အခြားသော သတင်းဌာနများကမူ ယင်းပြည်နယ်၏ မဲရလဒ်ကို ရည်ညွှန်းကိုးကားခြင်းမရှိသေးပေ။

ယခုအချိန်တွင် ရွေးကောက်ပွဲကြီးပြီးဆုံးပြီဟု မဆိုသာသော်လည်း အမေရိက၏ နိုင်ငံရေးဓမ္မတာအရ အဓိကပါတီကြီး နှစ်ပါတီဖြစ်သော ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကန်ပါတီတို့မှာ 'သူတစ်လှည့်ကိုယ်တစ်လှည့်" အနိုင်ရလေ့ရှိပေရာ ယခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ အောင်ပွဲခံပြီး အမေရိကန်ပြည်ထောင်စု၏ ၄၆ ဦးမြောက် သမ္မတအဖြစ် ဘိုင်ဒင်ဖြစ်လာမည်ဟု ရွေးကောက်ပွဲရလဒ် ဆန်းစစ်လေ့လာရေး Decision Desk HQ ဌာနက ဟောကိန်းထုတ်လိုက်သည်ကို ကျွန်ုပ်အလေးမူမိရင်း "သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ” ဟု ကျူးရင့်မိပါသတည်း။ 

ကိုရင်ဩ
SOURCE: News Agencies
(စာကြွင်း- အေပီသတင်းဌာနကြီး၏ နိုဝင်ဘာ ၇ ရက်နေ့ခင်းပိုင်း သတင်းထုတ်ပြန်ချက်အရ ဂျိုးဘိုင်ဒင်က 'ရွေးကောက်ပွဲကိုယ်စားလှယ်' မဲ ၂၈၄ မဲ ရရှိလိုက်ပြီဟု သိရသည်။)