မန့်ဟီးရိုး ၈ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိ ဒေသခံပြည်သူများသည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်း ဖွင့်လှစ်ထားသော မဲရုံများတွင် ယနေ့နံနက် ၆ နာရီတွင် စတင် ကျင်းပလျက်ရှိရာ စိတ်ဝင်တစား လာရောက်၍ ဆန္ဒမဲများပေးလျက်ရှိသည်။
မဲရုံအသီးသီး၌ မဲရုံစတင်ဖွင့်လှစ်ခြင်းမပြုမီ နံနက် ၅ နာရီခွဲအချိန်တွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးများက သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်သူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရှေ့မှောက်တွင် မဲပုံးများအတွင်း မည်သည့်အရာမျှ မရှိကြောင်းကို ပြသ၍ လုံခြုံရေးကြိုးများ စနစ်တကျပိတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား မဲစတင်ပေးနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြသည်။
မန့်ဟီးရိုးမြို့တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆)ထောင်ကျော်ရှိသည်ဖြစ်၍ မဲရုံပေါင်း(၉)ရုံဖွင့်လှစ် ထားရှိကာ ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရေးဝိုင်းဝန်းကူညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲပေးရန် လာရောက်ကြသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မဲရုံအတွင်းနှင့် မဲရုံအပြင်အတွက် သတ်မှတ်နေရာများ အလိုက် စည်းတားပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်လာစေခြင်း၊ မဲရုံအတွင်း မဝင်ရောက်မီ နှာခေါင်းစည်းများကို လဲလှယ်ပေးခြင်း၊ လက်သန့်စင်ဆေးရည်များ တစ်ဦးချင်းစီဆေးရန် ကူညီဆောင်ရွက်ပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား မဲရုံအသီးသီးမှ တာဝန်ကျ မဲရုံမှူးများ၊ ဒုမဲရုံမှူးများ ဝန်ထမ်းများနှင့် မဲရုံလုံခြုံရေး တာဝန်ရှိသူများ အသီးသီးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)


