ထန်တလန်  ၈  နိုဝင်ဘာ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၆ နာရီတွင် စတင်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မဲရုံအသီးသီး၌ လာရောက်ဆန္ဒမဲပေးခဲ့ကြြပီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီးဒေါက်တာရွှေလွှမ်းတို့သည် နံနက်ပိုင်းတွင် ထန်တလန်မြို့၊ အမှတ်()ရပ်ကွက် မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော မဲရုံအမှတ်()သို့ လာရောက်၍ ဆန္ဒမဲ ပေးခဲ့ကြသည်။

 

ထန်တလန်မြို့နယ်၌  မဲရုံပေါင်း ၁၀၅ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၃၈၀၆ ဦးရှိရာ မဲဆန္ဒရှင်ပြည်သူများ သည် မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ သက်ဆိုင်ရာမဲရုံအသီးသီးသို့ လာရောက်ကြပြီး ဆန္ဒမဲပေးခဲ့ကြသည်။

 

မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူများ စိတ်ချလုံခြုံစွာ မဲပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများ၊ မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)