နေပြည်တော် ၈ နိုဝင်ဘာ
အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့၌ နိုဝင်ဘာ ၃ ရက်က ငွေကျပ် ၁၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သတင်းအရ နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲတွင် အောင်ပန်းမြို့၊ ဇောတိကျေးရွာတွင် ဟန်ထွန်း သုံးဘီးဆိုင်ကယ် ဖြင့် တင်ဆောင်လာသည့် ပီနံအိတ် ၁၅ အိတ်အား စစ်ဆေးရှာဖွေရာ အိုက်စ် ၃၀၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာ ၄ ရက်ညတွင် တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်နေ စိုင်းခန့်ကျော်နှင့် မမိငယ်(ခ)မေသဇင်လတ်တို့၏ နေအိမ်အားဆက်လက်ရှာဖွေရာ စိုင်းခန့်ကျော် အားမတွေ့ရှိဘဲ ၎င်း၏ဇနီးဖြစ်သူ မမိငယ်(ခ)မေသဇင်လတ် အားတွေ့ရှိပြီး နေအိမ် ခြံဝင်းအတွင်းရှိ ပီနံအိတ်များအတွင်းမှ အိုက်စ် ၂၀၀ ကီလို စုစုပေါင်း ငွေကျပ် ၁၀ဘီလီယံတန်ဖိုးကို သိမ်းဆည်းရမိခဲ့သည်။
ယင်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်များအား အောင်ပန်းမှ ရန်ကုန်သို့ ကုန်တင်ယာဉ်လိုင်းအသုံးပြု လူမဲ့တန်ဆာဖြင့်ပို့ဆောင်၍ ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ကုန်တင်ယာဉ်လိုင်းတွင် အခြားကုန်ပစ္စည်းများနှင့် ရောနှောသိုဝှက် ဆက်လက်သယ်ဆောင်မည် ဖြစ်ကြောင်း သိရှိရသဖြင့် ဟန်ထွန်း၊ မမိငယ်(ခ)မေသဇင်လတ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီး ရမိရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)