နေပြည်တော် ၈ နိုဝင်ဘာ
နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့်တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းမဲရုံတွင် မဲဆန္ဒရှင်များ ဆန္ဒမဲပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ဥတ္တရသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း မဲရုံသို့လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ချင်းရွာ၊ အမှတ်(၂၀)၊ အခြေခံပညာအထက်တန်းကျောင်း မဲရုံသို့လည်းကောင်း၊ တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ အောင်ဆန်းခန်းမတွင် ဖွင့်လှစ်ထားသည့် မဲရုံသို့လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထိုမှတစ်ဆင့် ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးတက္ကသိုလ် အားကစားခန်းမတွင် ဖွင့်လှစ်ထားသည့် မဲရုံသို့လည်းကောင်း၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ မင်္ဂလာဗျူဟာခန်းမတွင်ဖွင့်လှစ်ထားသည့် မဲရုံသို့လည်းကောင်း၊ ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာ အထက်တန်းကျောင်း နှင့် လယ်ဝေးမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် မဲရုံများသို့သွားရောက်ပြီး မဲရုံများ၌ ဆန္ဒမဲပေးနေမှုအခြေအနေများနှင့် ဆန္ဒမဲပေးမည့် ပြည်သူများအား တာဝန်ရှိသူများက အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များက ိုသန့်စင်ပေးခြင်း၊ N95 နှာခေါင်းစည်းများ ထုတ်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မဲရုံအဝင်တွင် တစ်ဦးနှင့်တစ်ဦး (၆)ပေခွာ၍တန်းစီကာ ဆန္ဒမဲပေးနေမှုအခြေအနေများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)


