နေပြည်တော် ၈ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံး၌ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။
နေပြည်တော်၌လည်း မဲဆန္ဒရှင်ပြည်သူများသည် နံနက် ၆ နာရီမတိုင်မီ သက်ဆိုင်ရာမဲရုံအသီးသီးသို့ ရောက်ရှိကြပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်များနှင့်အညီ မဲပေးနိုင်ရေး တန်းစီနေရာယူကြသည်။
မဲရုံမဖွင့်မီ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များ၊ မဲရုံမှူးများနှင့် တာဝန်ရှိသူများသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၏ ရှေ့မှောက်တွင် ဆန္ဒမဲပုံးများကို စစ်ဆေးပြသကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် လုံခြုံရေးကြိုးများ ဖြင့် မဲပုံးများကို စနစ်တကျပိတ်သည်။
နံနက် ၆ နာရီတွင် မဲရုံမှူးများက မဲရုံဖွင့်လှစ်ကြောင်း ကြေညာသည်နှင့်တစ်ပြိုင်နက် ဆန္ဒမဲပေးရန် ရောက်ရှိနေကြသည့် ပြည်သူများက တာဝန်ရှိသူများထံမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာများအတွက် ရွေးချယ်ပေးရမည့် ဆန္ဒမဲလက်မှတ်များကို လက်မှတ်ထိုးထုတ်ယူပြီး လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒပြုကာ မဲပုံးများအတွင်းသို့ ထည့်သွင်းကြ သည်။
မဲရုံပြင်ပတွင်လည်း မဲဆန္ဒရှင်ပြည်သူများ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များ နှင့်အညီ လွတ်လပ်၊ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ KN-95 နှာခေါင်းစည်းများ ထုတ်ပေးခြင်း၊ လက်သန့်ဆေးရည်ဖျန်းပေးခြင်း၊ မဲရုံအတွင်းအပြင် လုံခြုံရေးဆောင်ရွက် ပေးခြင်းနှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးကြသည်။
ထို့ပြင် မဲဆန္ဒရှင်ပြည်သူများ၏ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာ တင်ယာဉ်များကို မဲရုံများအနီးတွင်ထားရှိပေးပြီး သောက်ရေသန့်များကိုလည်း စေတနာရှင်ပြည်သူများက လာရောက် လှူဒါန်းပေးထားသည်။
မဲရုံများတွင် လာရောက်ဆန္ဒမဲပေးကြသည့် ပြည်သူများလွတ်လပ်လုံခြုံစွာ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မှု ရှိ၊ မရှိကို ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက လာရောက်စောင့်ကြည့်ကြပြီး သတင်းမီဒီယာများလည်း လာရောက် သတင်းရယူကြသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်တို့ရှိ သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ နေရာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ နေရာတို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့ နှစ်သက်သည့် ပုဂ္ဂိုလ်များကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ သီရိ ၅ မြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်တို့တွင် မဲရုံစုစုပေါင်း ၆၄၆ ရုံဖွင့်လှစ်ထားသည်။
မဲပေးမှု ပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့် သူများရှေ့မှောက်၌ မဲပုံးများကိုဖွင့်ဖောက်၍ ခိုင်လုံမဲနှင့် ပယ်မဲတို့ကို စနစ်တကျ ရွေးချယ်ရေတွက်ကြပြီး သက်ဆိုင်ရာ မှတ်တမ်းစာအုပ်များတွင် မှတ်တမ်းရေးသွင်းကြသည်။
ယခုရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၁၅ နေရာအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅၆၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၁ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း ၇၇၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၁၂ နေရာအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၁၁၂ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၈၃ ဦး ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံကြသည်။
ယခုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၈၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇၂၆၈၈၇၆ ဉီးရှိကာ မဲရုံပေါင်း ၃၉၉၆၂ ရုံ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအသီးသီးမှ အရွေးချယ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


