ကျုံပျော် ၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ဆန္ဒမဲရလဒ်ရေတွက်ခြင်းကို မဲရုံပိတ်သိမ်းသည့် ညနေ ၄ နာရီမှစတင်ကာ စနစ်တကျ စတင်ရေတွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ရေတွက်ရာတွင် ဆန္ဒမဲပေးပြီးစာရင်းနှင့် မဲလက်မှတ်စာအုပ်စာရင်း ကိုက်ညီမှုရှိ မရှိကို မဲရုံမှူးနှင့် တာဝန်ရှိသူများက တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။ ထို့နောက် ဆန္ဒမဲလက်မှတ်ရေတွက်ခြင်းကို မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက မဲရုံကိုယ်စားလှယ်များ၊ မျက်မြင်သက်သေများ၊ မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ လေ့လာသူများရှေ့မှောက်တွင် ခိုင်လုံမဲ၊ ပယ်မဲများကို စနစ်တကျရေတွက်ပြီး လွှတ်တော်ကိုယ်စားလှယ် အသီးသီး၏ မဲရလဒ်များကို စနစ်တကျ ရေတွက်ဆောင်ရွက်ကြသည်။
ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၉၇) အုပ်စုတွင် မဲရုံပေါင်း (၂၃၃)ရုံဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၉၀၂၀၃)ဦး၊ ကြိုတင်ဆန္ဒမဲပေးခဲ့သူ (၃၆၈၈၉)ဦးရှိခဲ့ကြောင်း၊ ယနေ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၅၃၃၁၄) ဦးရှိသည့်အနက် (၁၀၈၅၇၁)ဦး ဆန္ဒမဲလာရောက်ပေးခဲ့ကြကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် ပါတီ(၉)ခု ဝင်ရောက်ယှဉ်ကြပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၉)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် (၈)ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် (၈)ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၆)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


