၈ နိုဝင်ဘာ
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၁ ခုနှစ်တွင် အာရှနှင့် အရှေ့တောင်အာရှ အမြင့်ဆုံးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် အာရှဖလားခြေစစ်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲတို့ ဝင်ရောက်ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပဖြစ်ပါကလည်း ပြိုင်ပွဲသုံးခုအထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိသေး သော်လည်း နှစ်ကုန်ပိုင်း သို့မဟုတ် နှစ်ဆန်းပိုင်းတွင် စတင်လေ့ကျင့်နိုင်ရန် မျှော်မှန်းထားသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် ကျင်းပမည့်ပြိုင်ပွဲများအနက် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပမည့်ရက်ကိုသာ အတည်ပြုသေးပြီး ကျန်ပြိုင်ပွဲများ မထုတ်ပြန်သေးသောကြောင့် အာဆီယံ အမျိုးသမီးပြိုင်ပွဲ ကျင်းပမည့်ကာလ အတည်မပြုနိုင်သေးခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင်လည်း ကပ်ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသည့် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ တတိယပတ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းအနေဖြင့် နှစ်ကုန်ပိုင်းတွင် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နည်းပြချုပ်အပြောင်းအလဲ ပြုလုပ်ထားပြီး နှစ်လယ်ပိုင်းတွင် ဦးတင်မြင့်အောင်ကို ယာယီနည်းပြချုပ်အဖြစ်မှ အမြဲတမ်းနည်းပြချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်လယ်ပိုင်းကတည်းက စတင်လေ့ကျင့်ရန် စီစဉ်ခဲ့သော်လည်း ကပ်ရောဂါ အခြေအနေကြောင့် လေ့ကျင့်နိုင်ခြင်းမရှိသလို ကစားသမားများအတွက် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် အမျိုးသမီးလိဂ် ပြိုင်ပွဲကိုလည်း ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်