၈ နိုဝင်ဘာ

အင်္ဂလန်ပရီမီယာလိဂ်ဟာ လွန်ခဲ့တဲ့နှစ်ရာသီက မန်စီးတီးနဲ့ လီဗာပူးအသင်း နှစ်သင်းသာ ပြိုင်ဆိုင်ခဲ့ ရပေမယ့် ဒီရာသီမှာတော့ ပရီမီယာလိဂ်ဖလားရရှိဖို့ အသင်းခြောက်သင်း (သို့မဟုတ်) ခုနစ်သင်းအထိ ယှဉ်ပြိုင်ရဖို့ ရှိနေတယ်လို့ မန်စီးတီးဂိုးသမား အီဒါဆင်က ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။

ယခင်ကဆို မန်ယူနဲ့ အာဆင်နယ်၊ မန်ယူနဲ့ ချယ်လ်ဆီး၊ မန်စီးတီးနဲ့ မန်ယူ၊ လီဗာပူးနဲ့ မန်စီးတီး စသဖြင့် အသင်းနှစ်သင်းသာ ပရီမီယာလိဂ်ဖလားအတွက် ပြိုင်ဆိုင်ခဲ့ရပေမယ့် ခုရာသီမှာတော့  အသင်းအတော်များများက  လူအင်အားဖြည့်ဆည်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်ထားပြီး နည်းပြ အပြောင်းအလဲကိုလည်း ယခင်ကလို ခပ်စိတ်စိတ် မလုပ်ဆောင်တာကြောင့် အသင်းတွေရဲ့ ခြေစွမ်းပိုတည်ငြိမ်လာခြင်းနဲ့အတူ အခြေအနေတွေလည်း ပြောင်းလဲလာတာဖြစ်ပါတယ်။ 

“အရင်ကဆို ပရီမီယာလိဂ်ဟာ အသင်းနှစ်သင်းကြားသာ အဓိကထားပြိုင်ဆိုင်ရပြီး အခုတော့ အသင်းငယ်တွေဆိုတာလည်း သိပ်မရှိဘဲ သူတို့ကလည်း အသင်းကြီးတွေကို ကောင်းကောင်း စိန်ခေါ်နိုင်ကြတာပါ။ ဥပမာ-အက်စ်တွန်ဗီလာလို အသင်းပေါ့ဗျာ။ ပရီမီယာလိဂ်ဖလား ရရှိဖို့ အသင်းခြောက်သင်း(သို့မဟုတ်) ခုနစ်သင်းလောက်  ရှိနေပါတယ်” လို့ အီဒါဆင်က ပြောကြား လိုက်ပါတယ်။ 

မေလဲ့သင်း