မင်းကင်း ၈ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများသည် မိမိတို့ဆန္ဒပြုလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ယနေ့နံနက်ပိုင်း ၆ နာရီမှ စတင်ကာ ဆန္ဒမဲပေးခဲ့ကြပြီး မဲရုံပိတ်သိမ်းချိန် မွန်းလွဲ ၄ နာရီအရောက်တွင် သက်ဆိုင်ရာမဲရုံမှူးများ၊ ဒုတိယ မဲရုံမှူးများက မဲရုံပိတ်သိမ်းကြောင်းကြေညာကာ ဆန္ဒမဲလက်မှတ်များကို စတင်ရေတွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်မှ မဲရုံမှူးများ၊ဒုတိယမဲရုံမှူးများက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့မှောက်တွင် မဲပုံးလုံခြုံရေး ကြိုးများဖြတ်တောက်ကာ ဆန္ဒမဲလက်မှတ်များအား ပွင့်လင်းမြင်သာစွာရေတွက်လျက်သည်။
အလားတူပင် မင်းကင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးတွင် တာဝန်ရှိသူများကလည်း မဲဆန္ဒနယ် ပြင်ပရောက် (ပြည်တွင်း)နှင့် မဲဆန္ဒနယ်ပြည်ပရောက်(နိုင်ငံခြား) မှ ပေးပို့ထားသော ကြိုတင်မဲများကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များရှေ့တွင် ဆန္ဒမဲများအား စိစစ်ရေတွက် လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင်မဲဆန္ဒနယ်(၁)တွင်မဲရုံပေါင်း(၆၁)ရုံနှင့်မဲဆန္ဒနယ် (၇၂)စုစုပေါင်း မဲရုံ(၁၃၃)ရုံထားရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၈၁၂၀)ဦးရှိကြောင်းနှင့် ကြိုတင်ဆန္ဒမဲပေးပြီးသူ (၁၀၆၄၄)ဦး ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ထန်းဖုန်(ပြန်/ဆက်)


