၉  နိုဝင်ဘာ

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောဂါအန္တရာယ်ကင်းဝေးစွာဖြင့် ကျင်းပပြုလုပ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။

၂။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံပိတ်ပြီးနောက် မဲရုံများနှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ဆန္ဒမဲရေတွက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်ပြီး ရလဒ်ပုံစံများကို သက်ဆိုင်ရာ မဲရုံများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များတွင် အချိန်နှင့်တစ်ပြေးညီ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပါသည်။

၃။ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်၏အမည်ကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါ သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်တင်မြှောက်ခံရသော ပုဂ္ဂိုလ်များစာရင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ်သတင်းစာ၊ UEC Website နှင့် Facebook စာမျက်နှာတို့မှ ထပ်ဆင့်ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရွေးကောက်ပွဲရလဒ်များ ရေတွက်ချိန်တွင် သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရန်အတွက် မိမိနေအိမ်မှသာ ရွေးကောက်ပွဲရလဒ်များကို စောင့်ကြည့်ရယူခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ် ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်