နေပြည်တော် ၉ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီး၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒနယ်အသီးသီးမှ ပေးပို့လာသော ဆန္ဒမဲရလဒ်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယနေ့ကျင်းပသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “ကျွန်တော်တို့ ဒီနေ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပပြုလုပ်တဲ့အခါ အခုချိန်မှာဆိုရင် မဲရုံအားလုံးဟာ မဲပေးခြင်းလုပ်ငန်းစဉ် အားလုံးနီးပါး ပြီးစီးပြီး မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ နေပြည်တော်ရုံးချုပ်က ဝန်ထမ်းတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရုံးချုပ်မှာ အဆင်သင့်ရှိနေပါတယ်။ လိုအပ်တဲ့ပြဿနာ၊ အခက်အခဲတွေရှိရင်လဲ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းနိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကြီးကြီးမားမား ထူးထူးခြားခြား ပြဿနာတွေ၊ သတင်းပို့ချက်တွေ မရှိပါဘူး။ အသေးအဖွဲ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်အပိုင်းတွေကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ခြုံငုံပြီး ပြောရမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးဟာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးနိုင်ခဲ့ပြီလို့ ခြုံငုံပြီေသုံးသပ်ပြောဆိုလိုပါတယ်”ဟု ပြောကြားသည်။
ထို့နောက် ရွေးကောက်ပွဲရလဒ်များနှင့်စပ်လျဉ်းပြီး ညွှန်ကြားရေးမှူးချုပ်က “ရလဒ်နဲ့ပတ်သက်ပြီး အကြမ်းအားဖြင့်ပြောရရင် အခုမဲရုံတွေမှာ မဲတွေကို ရေတွက်နေပါတယ်။ မဲရလဒ်တွေကို သက်ဆိုင်ရာ မြို့နယ်တွေကို စုစည်းပေးပို့မှာ ဖြစ်ပါတယ်။ မြို့နယ်တွေမှာလည်း ဒီစာရင်း ဇယားတွေကိုချုပ်ပြီး သက်ဆိုင်ရာခရိုင်ကို မိတ္တူပေးပို့ပါတယ်။ အဓိက တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မရှင်တွေကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ပေးပို့တဲ့အခါမှာ ရလဒ်တွေကို စုစည်းပြီး ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တိုင်းဒေသကြီး၊ ပြည်နယ်ကနေ အတည်ပြုပေးမှာ ဖြစ်ပါတယ်။ အဲဒါတွေပြီးတဲ့နောက် ရုံးချုပ်ကိုတစ်ပြိုင်တည်းပေးပို့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရုံးချုပ်က အတည်ပြုပြီးတာနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်ကနေလည်း မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာ၊ UEC Website ၊ Facebook ကတစ်ဆင့် မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီနဲ့ ည ၈ နာရီတို့မှာ ရသမျှသတင်းအချက်အလက်တွေ၊ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန် ကြေညာပေးသွားမှာ ဖြစ်ပါတယ်”ဟု ဆက်လက်ပြောကြားသည်။
သတင်း - ဟန်လင်းနိုင်
ဓာတ်ပုံ - ချက်ကြီး


