၉  နိုဝင်ဘာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုဒေသရှိ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်း၊ မကာအို-မြန်မာကုန်သည်ကြီးများ အသင်းနှင့် မကာအို Wong Clansmen အသင်းတို့က မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ၊ ဆေးပစ္စည်းကိရိယာများနှင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Test Kits များ လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၃ ရက်၊ မွန်းလွဲ ၃ နာရီတွင် ပေကျင်းမြို့၊ မြန်မာသံရုံး၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းကြရန်စီစဉ်ခဲ့ခြင်းနှင့် မြန်မာနိုင်ငံသို့ ပေးပို့သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မကာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Huang Qiong Cheng နှင့် မကာအို-မြန်မာကုန်သည်ကြီးများအသင်း၊ ဥက္ကဋ္ဌ Mr. Huang Delai တို့က လှူဒါန်းရခြင်း အကြောင်းအရင်းများကို အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုဒေသ၊ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်း၊ မကာအို-မြန်မာကုန်သည်ကြီးများ အသင်းနှင့် မကာအို Wong Clansmen အသင်းတို့က ပေးအပ်လှူဒါန်းသည့် နှာခေါင်းစည်းများ၊ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် Test Kits များအား မြန်မာနိုင်ငံ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#နိုင်ငံခြားရေးဝန်ကြီးဌာန