မော်လိုက် ၉ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ နိုဝင်ဘာ ၈ ရက်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အေးချမ်းစွာ ကျင်းပနေစဉ် ကင်းတပ်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)၊ ကင်းတပ်မဲရုံ၌ ကိုယ်စားမဲပေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ မွန်းလွဲပိုင်းက ကင်းတပ်ကျေးရွာနေ ဦးမိုးဝင်းသည် နိုဝင်ဘာ ၂ ရက်နေ့တွင် ခန္တီးမြို့နယ်၌ အလုပ်လုပ်ကိုင်ကာ ကင်းတပ်ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၈ ရက်နေ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနေစဉ် ၎င်းဇနီး၏အစ်ကို ဖြစ်သူ ဦးစောမင်းသူ၏ မဲစာရင်းအမှတ်(၁၅၈) မဲပေးခွင့် သက်သေခံလက်မှတ်အား ယူဆောင်၍ ကင်းတပ်ကျေးရွာအုပ်စု၊ မဲရုံအမှတ်(၁)တွင် ကိုယ်စားမဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခြားသူ၏ မဲပေးခွင့်သက်သေခံလက်မှတ်ဖြင့် ကိုယ်စား မဲပေးသူ ဦးမိုးဝင်းအား ဥပဒေအရ အရေးယူပေးပါရန် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် မော်လိုက်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လိုက်သားလေး