ငဖဲ ၉ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငဖဲမြို့နယ်ရှိ နယ်စောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို အောက်တိုဘာလ ၂ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
နယ်စောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်က ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်လည်ပတ် အကောင်အထည်ဖော်ခဲ့ပြီး အဆိုပါရန်ပုံငွေမှ အတိုးရငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁ ဒသမ ၉၇ သန်း၊ စုစုပေါင်း ငွေကျပ် ၁၁ ဒသမ ၉၇ သန်းဖြင့် အချိန်ပြည့် လျှပ်စစ်မီး ရရှိရေးအတွက် အရှည်ပေ ၃၄၀၀ ရှိ ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာအကူအညီဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာစီမံကိန်း ကော်မတီ၀င်များက ဦးဆောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၈၉ အိမ်၊ လူဦးရေ ၄၃၄ ဦးတို့အတွက် လူမှုစီးပွားဘ၀ အခြေအနေများ ယခင်ကထက် ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင် က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


