သထုံ ၉ နိုဝင်ဘာ     

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အေးချမ်းအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၄ နာရီ မဲရုံများပိတ်သိမ်းချိန်အထိ မဲပေးခဲ့သူ ၅၉ ရာခိုင်နှုန်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

သထုံမြို့နယ်အတွင်းရှိ မဲရုံပေါင်း ၉၉ ရုံတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းလုပ်ငန်းစဉ်အားလုံး ပြီးစီးပြီးဖြစ်ရာ မဲရုံအသီးတို့၌ မဲရေတွက်ခြင်း၊ မဲရလဒ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပို့ဆောင်ခြင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိလာသည့် ကြိုတင်မဲများကို ရေတွက်ခြင်း၊ မဲရုံအသီးသီးတို့မှ လာရောက် ပို့ဆောင်သည့် မဲရလဒ်များကိုစနစ်တကျ စာရင်းပြုစုခြင်းစသည့် အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရေးလုပ်ငန်းစဉ်များကို မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ စောင်ကြည့်လေ့လာရေးအဖွဲ့များတို့က ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

သထုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၂၁၂၂၅၅ ဦးရှိပြီး ကြိုတင်မဲပေးသူပေါင်း ၃၃၇၉၅ ဦးနှင့် မဲရုံသိုလာရောက် မဲပေးသူပေါင်း ၉၁၉၇၉ ဦးရှိရာ မဲပေးသူစုစုပေါင်း ၁၂၅၇၇၄ ဦးဖြင့် ၅၉.၂၅ ရာခိုင်နှုန်း လာရောက်မဲပေးကြကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

သက်ဦး(သထုံ)