မိုင်းယု   ၉  နိုဝင်ဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် အသက်(၁၅)နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာ ကာကွယ်ဆေးအပါဝင် အမီလိုက်ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၉ ရက်နေ့ကစတင်၍ ပြည်သူ့ဆေးရုံ၌ (တတိယအကြိမ်)တိုက်ကျွေး ထိုးနှံပေးနေလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံပေးခြင်းကို ၀မ်တာကြန့်ကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ဒေါ်ဝေဝေလွင်တို့က ဦးဆောင်ကာ မိုင်းယုဒေသရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃)အုပ်စုအတွင်းမှ ကလေးငယ်များနှင့် ဌက်ပျောခြံလုပ်သား မိသားစုဝင် ကလေးငယ်များ အပါအဝင် အကြိမ်ပြည့်အောင် မထိုးလိုက်ရသည့် ကလေးငယ် အသက်တစ်နှစ်မှသုံးနှစ်၊ သုံးနှစ်မှ ခုနှစ်နှစ်နှင့် ခုနှစ်နှစ်မှ ဆယ့်ငါးနှစ်အောက်ဟု ခွဲခြားသတ်မှတ်ပြီး အဆိုပါ ဆေးရုံ၌ တိုက်ကျွေး/ထိုးနှံပေးလျက်ရှိသည်။

 

ယင်း ဆေးတိုက်ကျွေး/ထိုးနှံကြသည့် ကလေးငယ်များကိုလည်း ဆုံဆို့နာကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာခြင်းများ ပြုလုပ်လျက်ရှိပြီး တစ်ရက်လျင် ရည်မှန်းပျမ်းမျှ ကလေးငယ်ပေါင်း (၄၁)ဦးနှုန်းဖြင့် တိုက်ကျွေး/ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ မိုင်းယုဒေသတွင်းရှိ  ကလေးငယ်ပေါင်း (၂၉၁)ဦးကို တိုက်ကျွေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)