ခင်ဦး ၉  နိုဝင်ဘာ       

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မကျီးတုံကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး ယခုလ ၅ ရက်နေ့က ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

 

ချေးငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညီညီဦး က စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးမည့် အတိုးနှုန်းထားများနှင့် ရန်ပုံငွေများ ထုတ်ချေးရာ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်၍ လာရောက်ကြရန်၊ လူစုလူဝေး မဖြစ်စေရန် (၆)ပေ အကွာစီနေ၍ စနစ်တကျ ထုတ်ချေးကြရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် စီမံကိန်းရန်ပုံငွေများကို အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေး ပြောကြားသည်။

 

ခင်ဦးမြို့နယ် ချောင်းဆုံကျေးရွာ၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ ထုတ်ချေးပေးပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ ကျေးရွာနေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်၊ သက်မွေး လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများကို လည်ပတ်လုပ်ကိုင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာတွင် စီမံကိန်းဝင်အသင်းသား စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၆၂ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၇ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၅ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသား ၂၀၀ ဦးရှိပြီး မြို့နယ်ဦးစီးမှူး ဦးညီညီဦးနှင့် ဝန်ထမ်းများက စီမံကိန်းလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆဌမအကြိမ်မြောက် စီမံကိန်းရန်ပုံငွေကျပ် ၆၉၂ သိန်းအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသင်းသားများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

စီမံကိန်းချေးငွေများ ထုတ်ချေးအပြီးတွင် မြို့နယ်ဦးစီးမှူး ဦးညီညီဦးနှင့် ဝန်ထမ်းများအဖွဲ့သည် ကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ  အောင်မြင်ဖြစ်ထွန်းမှု ရှိ/ မရှိ အခြေအနေနှင့် စီမံကိန်းငွေစာရင်း၊ ဇယားများ မှန်ကန်စွာ ဖြည့်စွက်ရေးသွင်းထားခြင်း ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး