ပူတာအို ၉ နိုဝင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝေးလံခေါင်ဖျားနယ်စပ်ဒေသများ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူတာအိုခရိုင်အတွင်းရှိ မချမ်းဘော့ မြို့နယ်နှင့် နောင်မွန်မြို့နယ် အခြေခံပညာကျောင်းများတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ပထမပတ်က သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတွင် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာကျောင်းအုပ်ကြီး များထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့မှုအနေဖြင့် မချမ်းဘော့မြို့နယ် ပညာရေးမှူးရုံးတွင် အထက-ခွဲ(နမ့်ခမ်း)၊ အထက-ခွဲ(ထရန်ဒမ်း)၊ အလက(အလန်ဂါး) စာသင်ကျောင်း သုံးကျောင်းအတွက် ကွန်ပျူတာ သုံးစုံ၊ ပရင်တာသုံးလုံး၊ မီးစက် သုံးလုံး၊ နောင်မွန်မြို့နယ် ပညာရေးမှူးရုံးတွင် အထက-ခွဲ(ရပ်ဘော့)၊ အလက(ဂါတ်ထု) စာသင်ကျောင်း နှစ်ကျောင်းအတွက် ကွန်ပျူတာ နှစ်စုံ၊ ပရင်တာ နှစ်လုံး၊ မီးစက် နှစ်လုံးနှင့် နောင်မွန်မြို့နယ်ရှိ အမကကျောင်း (၂၀)ကျောင်းအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းအစုံ(၂၀)တို့ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)


