တွေ့ဆုံမေးမြန်း - ဥမ္မာ၊ ရီရီ
ရန်ကုန်တက္ကသိုလ်သည် တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှတစ်ခွင်တွင် ဂုဏ်သတင်းကျော်ကြားကာ နာမည်တောက်ပသောတက္ကသိုလ်ကြီး ဖြစ်ခဲ့သည်။ စာပေသင်ကြားမှု ၌လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရာ၌ လည်းကောင်း၊ အဆောက်အအုံများ နေသားတကျရှိမှုနှင့် တည်နေရာအနေအထားအကွက်အကွင်းကျမှု၌ လည်းကောင်း၊ သဘာဝ အလှအပနှင့် လူတို့ကြိုးစားတည်ဆောက်မှုအလှအပတို့ ဟန်ချက်ညီစွာ ပေါင်းစပ်ထားသည့်အရာ၌လည်းကောင်း သူမတူအောင် ထူးခြားသောတက္ကသိုလ်ကြီးပင် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံရှိ အောက်စဖို့နှင့် ကိန်းဘရစ်ချ်တက္ကသိုလ်တို့၏ စနစ်အတိုင်းဖွဲ့စည်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၄၀ နှင့် ၅၀ ပြည့်နှစ်များအတွင်းတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်ထဲတွင် ပါဝင်ခဲ့ပြီး အာရှအဆင့်တွင်လည်း ထိပ်တန်းရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြား အာရှနိုင်ငံများမှ ကျောင်းသားများ လာရောက်ပညာ ဆည်းပူးရာတက္ကသိုလ် ဖြစ်ခဲ့သည်။ အဆိုပါ တက္ကသိုလ် ကြီးသည် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်း နှစ် ၁ဝဝ ပြည့်မြောက်တော့မည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် တာ၀န်ထမ်းဆောင်ခဲ့ကြသည့် ပါမောက္ခချုပ်ကြီးများအနက် အချို့မှာ ကွယ်လွန် သွားကြပြီ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အဖြစ် ကွယ်လွန်သွားကြပြီဖြစ်သော ပါမောက္ခ ချုပ်ကြီးများ၏ မိသားစုဝင်များနှင့် တွေ့ဆုံပြီး ရန်ကုန် တက္ကသိုလ်တွင် တာ၀န်ထမ်းဆောင်ခဲ့စဉ်က ၎င်းတို့နှင့် ပတ်သက်၍ အမှတ်တရရှိခဲ့သော ဖြစ်ရပ်ဖြစ်စဉ်များကို ပြန်လည်ဖော်ပြလိုသည့်အတွက် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ထင်အောင် (၁၉၄၄-၁၉၅၈) ၏အကြောင်းကို တူဖြစ်သူ ဦးနေအုပ် (နေအုပ်-စိန်ပေါလ်) အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ ဆရာကြီး ဒေါက်တာ ထင်အောင်ရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံလေးတွေကို ဆရာ ဦးနေအုပ် အနေနဲ့ သိသလောက်၊ မှတ်မိသလောက် ပြောပြပေးစေလိုပါတယ်ရှင့်။
ဖြေ ။ ။ ကျွန်တော်ကတော့ ဆရာကြီး ဒေါက်တာထင်အောင်ရဲ့တူ ဖြစ်ပါတယ်။ ဆရာကြီးတို့ မိသားစုမှာ သားသမီးမထွန်းကားခဲ့ပါဘူး။ တူတွေ၊ တူမတွေကတော့ အများကြီးရှိပါတယ်။ အချို့က နိုင်ငံခြားရောက်နေပါတယ်။ ဒေါက်တာထင်အောင်က ကျွန်တော့်ရဲ့ ဘဒွေးလေးပါ။ ဆရာကြီးမှာ ညီအစ်ကို မောင်နှမ ခုနစ်ယောက်ရှိတယ်။ ဆရာကြီးက ညီအစ်ကို များအနက်အငယ်ဆုံးပါ။ ပညာမှာတော့ ခုနစ်ယောက် စလုံး ထူးချွန်ပါတယ်။ တော်တော်ကို အံ့သြလောက်အောင် စာတော်တဲ့မောင်နှမတစ်စု ဖြစ်တယ်။ မျိုးရိုး ဇာတိကတော့ ကျွန်တော့်အဘိုးက အရေးပိုင်ပါ။ အဘိုး နာမည်က ဦးဖိန်းဖြစ်ပါတယ်။ ဘွဲ့တွေအများကြီး ရပါ တယ်။ အဘွားနာမည်က ဒေါ်မိမိပါ။ အဘိုးက မင်းတုန်း ဇာတိပါ။ အဘွားကတော့ အထက်မင်းလှဇာတိပါ။
ဒေါက်တာ ထင်အောင်ကိုတော့ ၁၉၀၉ ခုနှစ်က ပဲခူးမှာ မွေးပါတယ်။ ပဲခူးမှာ ကျွန်တော့်အဘိုးက အရေးပိုင်တာဝန်ထမ်းဆောင်နေစဉ်မှာ မွေးဖွားခဲ့တာပါ။ မွေးချင်း ခုနစ်ယောက်စလုံး အကြောင်းပြောရရင် အစ်ကိုအကြီးဆုံးက အိုင်စီအက်စ် ဦးတင်ထွဋ်ပါ။ သူက မြန်မာနိုင်ငံရဲ့ပထမဆုံး အိုင်စီအက်စ်ပါ။ လွတ်လပ်ရေး ကြိုးပမ်းတဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ လက်တွဲပြီး၊ ဘိလပ်ကို အခေါက်ခေါက်သွားပြီး လွတ်လပ်ရေးကြိုးပမ်းခဲ့ပါတယ်။
ပင်လုံစာချုပ်အတွက် တိုင်းရင်းသားတွေကို စည်းရုံးရေးဆင်းတဲ့အခါမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဘေးမှာ အမြဲတမ်းပါခဲ့တယ်။ သူကဘွဲ့တွေ အများကြီးရပါတယ်။ သူက သတင်းစာဆရာပါ။ New Times of Burma သတင်းစာကို ကိုယ်တိုင်ထုတ်ဝေခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီးတဲ့နောက် သူတစ်ယောက်တည်း ကျန်ခဲ့တာပါ။ သူက အဲဒီအချိန်မှာ ဘိလပ်ရောက်နေတယ်။ ပြန်လာတဲ့အခါမှာ သူ့ကားထဲ လက်ပစ်ဗုံးပစ်ပြီး လုပ်ကြံခဲ့တဲ့အတွက် သေဆုံးသွားပါတယ်။
ဒုတိယ ဘကြီးက ဦးကျော်မြင့်ပါ။ သူက တက္ကသိုလ်မှာ ဥပဒေပါမောက္ခ လုပ်ခဲ့တယ်။ နိုင်ငံရေးမှာလည်း ဒီးဒုတ် ဦးဘချိုနဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရောက်ခဲ့တယ်။ နောက်ပိုင်းမှာ ရှေ့နေလုပ်ခဲ့တယ်။ အလွန် အောင်မြင်ခဲ့ပါတယ်။ ဂဠုန်ဦးစောကို ရုံးတင်စစ်ဆေးတဲ့ တရားသူကြီးအဖွဲ့ရဲ့ ဥက္ကဋ္ဌပါ။ သူတို့အဖွဲ့က ဦးစောကို ကြိုးမိန့်ပေးခဲ့တာပါ။
တတိယ ဘကြီးကတော့ ဦးမြင့်သိန်းလို့ ခေါ်ပါတယ်။ လူချစ်လူခင်ပေါတယ်။ တရားသူကြီးချုပ် ဖြစ်ခဲ့ပါတယ်။ အလွန်တော်ပါတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်လည်း ခဏလုပ်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပထမဆုံး မြန်မာသံအမတ်ကြီးပါ။ တကယ်တော့ သူက မော်စီတုန်း ကွန်မြူနစ်တွေမတက်မီ ချန်ကေရှိတ်လက်ထက်ကတည်းက နန်ကျင်းမှာ ပထမဆုံးသံအမတ်အဖြစ် ခန့်ထားပြီး ဖြစ်ပါတယ်။
သူ သံအမတ်လုပ်နေတဲ့အချိန်မှာပဲ ကွန်မြူနစ်တပ်တွေ နန်ကျင်းကိုသိမ်းတော့ ချက်ချင်းသံကြိုးရိုက်တယ်။ ဒီတက်မယ့်အစိုးရကတော့ မြဲမယ့်သဘောရှိတယ်။ ပြည်သူလူထုအများစုရဲ့ ထောက်ခံမှုအပြည့်အဝရတယ်။ မြန်မာပြည်အနေနဲ့ ချက်ချင်းအသိအမှတ်ပြုသင့်ပါတယ်လို့ မြန်မာနိုင်ငံအစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုတာ ပထမဆုံး မြန်မာနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် မော်စီတုန်းကြီးက အမြဲတမ်းမိန့်ခွန်းပြောတဲ့အခါတိုင်းမှာ အဲဒီအချက်တွေကို ထည့်ပြောလေ့ရှိတယ်။ တရုတ်ခေါင်းဆောင်တွေက အဲဒီနေ့ကစပြီး မြန်မာပြည်ကို ဆွေမျိုးပေါက်ဖော်လို့ ခေါ်ခဲ့တာပါပဲ။
ကျွန်တော့်ဘကြီး ဒေါက်တာထင်အောင်ကလည်း နောက်ပိုင်းမှာ သီရိလင်္ကာနိုင်ငံ သံအမတ်ဖြစ်လာတယ်။ မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံကို ပိုပြီးရင်းနှီးစေတယ်။ သူ့ရဲ့ လုပ်ဆောင်မှုကြောင့် ဝန်ကြီးချုပ်ကနေ သမ္မတ ဖြစ်လာတဲ့ မစ္စစ်ဘန်ဒါနာရကဆိုရင် မြန်မာသံမတ်ကြီး အိမ်မှာ သံဃာတွေကို ဆွမ်း၊ သင်္ကန်းကပ်လှူပွဲ လုပ်တိုင်း တက်ရောက်လေ့ရှိတယ်။ ကျွန်တော်ပြောချင်တာက ဦးလေးလေးယောက်စလုံးက နိုင်ငံ့အတွက် အဘက်ဘက် က အကျိုးပြုခဲ့ပါတယ်။ ညီအစ်မသုံးယောက်စလုံးကတော့ ပညာရှင်တွေပါပဲ။ အကြီးဆုံးအဒေါ်က ဒေါ်မြမူ၊ မြန်မာစာနဲ့ မဟာဝိဇ္ဇာဘွဲ့ရပါတယ်။ သူက ကျောက်စာဖတ်တာ အလွန်တော်တယ်။ စာရေးလည်း အလွန် ကောင်းပါတယ်။ သူက ဘယ်သူနဲ့ အကြောင်းပါသလဲဆိုတော့ မြန်မာစာပါမောက္ခ ဦးအေးမောင်နဲ့ အကြောင်း ပါခဲ့ပါတယ်။ ကျွန်တော့်အမေက ဒေါ်ခင်စောမူပါ။
သူက ဒုတိယညီမပေါ့။ သူက အစိုးရအလုပ်မလုပ် ခဲ့သော်လည်း ခေတ်စမ်းစာပေမှာ နာမည်ကြီးခဲ့တဲ့ ကဗျာ ဆရာမကြီးပါ။
ဒေါ်တင်စောမူက ကျွန်တော့်အဒေါ် အငယ်ဆုံးပါ။ အင်္ဂလိပ်စာဌာနရဲ့ ပါမောက္ခပါ။ နိုင်ငံရေးဘက်ပါသွားတဲ့ အကြီးဆုံးဘကြီး ဦးတင်ထွဋ်ဆိုရင်လည်း ဝန်ကြီးဖြစ်ခဲ့တယ်။ တက္ကသိုလ်မှာ ဒုတိယအဓိပတိလည်း ဖြစ်ခဲ့ဖူးတယ်။ ခုနစ်ယောက်စလုံးကတော့ တက္ကသိုလ်နဲ့ မကင်းပါဘူး။
ကျွန်တော်တို့တူတွေ၊ တူမတွေကလည်း တက္ကသိုလ် က ပေါက်ဖွားတာပါ။ ကျွန်တော့်ရဲ့ အငယ်ဆုံး ဦးလေး ဒေါက်တာထင်အောင်ကတော့ ခုနစ်တန်းကျောင်းသား ကတည်းက နိုင်ငံရေးထဲ ဟိုစပ်စပ် ဒီစပ်စပ်ပါခဲ့ဖူးတယ်။ အသက် ၁၂ နှစ်၊ သူခုနစ်တန်း ကျောင်းသားဘဝ ၁၉၂၀ မှာ ပထမဆုံးကျောင်းသားသပိတ်ကြီးဖြစ်ခဲ့တယ်။ အဲဒီ ဆန္ဒပြတဲ့အထဲ သူလိုက်သွားတယ်။ မိဘတွေက အတော်စိတ်ပူခဲ့ကြတယ်။ ပြန်ရောက်လာတော့ ဆူခံရတယ်။ အဘိုးက ပညာရေးကို ဂရုစိုက်ဖို့၊ နိုင်ငံရေးဘက်ကို ပါမသွားဖို့ ဆူတဲ့အတွက် စာကိုပိုပြီးကြိုးစားလိုက်တာ Double Promotion အတန်း နှစ်ခါခုန်တက်ခွင့်ရတယ်။ ဆယ်တန်းလည်းရောက်ရော အသက်က မပြည့်ဘူး။ တစ်နှစ်ခွဲလောက်လိုနေလို့ မဖြေရဘူး။ ဒီအတိုင်း ငုတ်တုတ်ထိုင်နေရတဲ့အချိန်မှာ သူ့ရဲ့ အစ်ကို ဦးမြင့်သိန်း က အင်္ဂလန်မှာ ပညာသင်နေတယ်။ သူ့ညီကို လှမ်းခေါ်တယ်။ ဒီအတိုင်းထိုင်နေမယ့်အစား သူ့ဆီလာခဲ့လို့ခေါ်တဲ့ အတွက် ဘိလပ်ကို သူရောက်သွားခဲ့တယ်။ ဘိလပ်ရောက်တဲ့အခါကျတော့ ဒါးလစ်ချ် (Dulwich)ဆိုတဲ့ ကျောင်းမှာတက်ခဲ့တယ်။ အဲဒီကျောင်းက ယနေ့ မြန်မာပြည်မှာ လာဖွင့်ပြီ။ အဲဒီအချိန်တုန်းက ကျွန်တော့် ဘကြီး ဦးတင်ထွဋ်ကလည်း အဲဒီကျောင်းတက်ခဲ့တယ်။
အဲဒါကြောင့် “မင်းတို့မျိုးရိုးထဲက ဘကြီးတစ်ယောက် ငါတို့ကျောင်းမှာ တက်ခဲ့တယ်လို့သိရတယ်၊ ကျောင်းဖွင့်ပွဲမှာ လာရောက်ဂုဏ်ပြုပေးဖို့” အတွက် ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ဦးတင်ထွဋ်အပြင် ဒေါက်တာ ထင်အောင်လည်း အဲဒီကျောင်းမှာ တက်ခဲ့ကြောင်း ကျွန်တော်ပြောပြခဲ့ပါတယ်။ ဒါပေမယ့် သူက အဆုံးထိ ပညာမသင်ခဲ့ရဘူး။ တစ်နှစ်လောက်ကြာတဲ့ အခါမှာ သူရဲ့မဟုတ်မခံတဲ့စိတ်ကြောင့် ဆရာမ တစ်ယောက်က မဟတ္တမဂန္ဒီ မကောင်းကြောင်း ပြောတဲ့အခါ သူကအကြီးအကျယ် ပြန်ခုခံပြောဆိုတယ်။ သူ့ကို မကြိုက်ဘူး။ ဆရာမကို ပြန်ပြောတယ်ဆိုပြီး ဆရာမက သူ့ကိုမဲတယ်။ ဆရာမက အတန်းထဲမှာ ‘‘မောင်ထင် အောင် မင်းရဲ့ ခေါင်းလိမ်းဆီကနံတယ်။ အဲဒီခေါင်း လိမ်းဆီမလိမ်းနဲ့၊ ခေါင်းလျှော်ပြီးမှလာခဲ့” လို့ ဆိုတယ်။ အဲဒါနဲ့ မတက်တော့ဘဲ ကျောင်းထွက်ပြီး ရန်ကုန်ကို ပြန်လာခဲ့တယ်။ အဲဒီကျောင်းမှာ သူတစ်နှစ်လောက်ပဲ တက်ခဲ့တယ်။ ရန်ကုန်ပြန်ရောက်တဲ့အခါ အသက်ပြည့်တော့ ၁၀ တန်းဝင်ဖြေတယ်။ အစ်မ ဒေါ်မြမူနဲ့ အတူတူ ၁၀ တန်းဝင်ဖြေတဲ့အခါမှာ သူက ပထဝီ အားနည်းတယ်။ အစ်မက သမိုင်းအားနည်းတယ်။ အစ်မ က ၁၀ တန်းဖြေဖို့ သူ့ကို ပထဝီသင်တယ်။ သူက အစ်မ ကို သမိုင်းပြန်သင်ပေးတယ်။ သူက သမိုင်းဝါသနာပါတယ်။ နောက်ပိုင်းကျတော့လည်း သမိုင်းနဲ့ ပတ်သက်တဲ့စာအုပ်တွေ အများကြီးရေးသားခဲ့ပါတယ်။ အောင်စာရင်းထွက်လာတဲ့အခါ အစ်မက သူသင်ပေးတဲ့သမိုင်း ဂုဏ်ထူး ထွက်တယ်။ သူက အစ်မသင်ပေးတဲ့ ပထဝီ ဂုဏ်ထူးထွက်တယ်။ အဲဒီအပြင် အင်္ဂလိပ်စာနဲ့ မြန်မာစာ ဂုဏ်ထူးပါသေးတယ်။ တက္ကသိုလ် စတက်တယ်။ အင်္ဂလိပ်စာ သူယူပါတယ်။ ပြီးတော့ ဂုဏ်ထူးတန်းအောင် ပါတယ်။ ရွှေတံဆိပ်လည်း ရပါတယ်။
မေး ။ ။ ဆရာကြီး ဒေါက်တာထင်အောင် ရွှေတံဆိပ်ဆုရပြီး ပညာဆက်လက် ဆည်းပူးခဲ့ပုံကို သိပါရစေ။
ဖြေ ။ ။ အသက် ၁၅ နှစ်မှာ သူတက္ကသိုလ်ရောက်တယ်။ ၄ နှစ် ထူးထူးချွန်ချွန် သင်ယူခဲ့တယ်။ နောက်ဆုံး သူဘွဲ့ရတဲ့အခါမှာ ဦးဘိုးသစ်ရဲ့ ရွှေတံဆိပ်ဆုကို ရခဲ့တယ်။ သူ ၁၉၂၈ ခုနှစ်မှာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတဲ့နှစ်မှာပဲ စကောလားရှစ်(ပညာသင်ဆု ) ရခဲ့တယ်။ အဲဒီအခါမှာ သူအင်္ဂလန်နိုင်ငံ (ဘိလပ်)ကို သွားရတယ်။ မသွားခင် အစ်ကိုသုံးယောက်က ဘိလပ်က ပြန်လာတယ်။ သူတို့က ဘားအက်လော (Barr-at Law)လို့ခေါ်တဲ့ ဝတ်လုံတော်ရဥပဒေဘွဲ့ရခဲ့တော့ ညီအငယ်ဆုံးလေးကို ခေါ်ပြောတယ်။ ဘားအက်လော (အခုခေတ် တော့ ဥပဒေပါရဂူ) လို့ခေါ်တဲ့ဝတ်လုံတော်ရ ဘွဲ့ရအောင် ယူရမယ်။ မိသားစုရဲ့ အစဉ်အလာထိန်းဖို့ အကြိမ်ကြိမ် မှာလိုက်တယ်။ ဟိုရောက်တဲ့အခါ သူက ဥပဒေဝါသနာမပါဘူး။ လန်ဒန်စကူးအော့ဖ်အီကိုနောမစ်မှာ LLB ၊ LLM ဘွဲ့တွေကို ယူခဲ့တယ်။ နောက် ကိန်းဘရစ်ချ်တက္ကသိုလ် က BA(Law)ပြီးမှ LLB အောင်တယ်။
နောက် သူ့အစ်ကိုတွေ မျှော်မှန်းထားတဲ့ ဝတ်လုံ တော်ရဘွဲ့ ယူခဲ့တယ်။
အိုင်ယာလန်နိုင်ငံ ဒတ်ဘလင် (Dublin)မြို့မှာရှိတဲ့ ဒန့်ရ်စတီးကောလိပ်သွားပြီး နိုင်ငံရေးသိပ္ပံဘွဲ့ယူခဲ့တယ်။ Ph.D. English ဘွဲ့လည်း ရခဲ့တယ်။ ပြင်သစ်နိုင်ငံ စော်ဘွန်းတက္ကသိုလ်က M. Litt ဘွဲ့ရခဲ့သေးတယ်။ နယ်သာလန်နိုင်ငံမှာလည်း ဘွဲ့တွေရခဲ့တယ်။ ဘွဲ့တွေ တစ်ခါတည်း အများကြီးယူလာတယ်။
နိုင်ငံခြားမှာ အကြာကြီးနေခဲ့တော့ ပိုက်ဆံတွေ ကုန်တာပေါ့နော်လို့ မေးတော့ ‘‘ ငါရတဲ့ ရွှေတံဆိပ်တွေ ရောင်းပြီး ဆက်ပြီးနေခဲ့တာ၊ နောက်ပြီး စာအုပ်လည်း ရေးခဲ့တယ်။ စာအုပ်အတွက် ပေါင်(၁၀၀) စာမူခရတယ်။ အဲဒါတွေ အသုံးချပြီး ဆက်ပြီးပညာသင်ခဲ့တယ်”တဲ့။ စာအလွန် တော်ပါတယ်။ ၁၉၃၃ ခုနှစ် မြန်မာပြည် ပြန်ရောက်တော့ တစ်ခါတည်း ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာ စလော့က အင်္ဂလိပ်စာဌာနမှာ အချိန်ပိုင်း လက်ထောက်ကထိက ခန့်တယ်။ နောက်ပိုင်း ၁၉၃၄ ခုနှစ်မှာ အချိန်ပြည့် လက်ထောက်ကထိက ပေးတယ်။ ၁၉၃၆-၄၆ ခုနှစ်မှာ ပထမတန်းကထိက ဖြစ်သွားတယ်။ ၁၉၄၆ ခုနှစ်အထိ ဌာနပေါင်းစုံမှာ ကထိက၊ ပါမောက္ခလုပ်ခဲ့တယ်။ သူယူခဲ့တဲ့ ဘွဲ့တွေ အများကြီးလေ။ ဟိုတုန်းက ပါမောက္ခလုပ်ဖို့အတွက် မြန်မာဘွဲ့ရသူတွေ မရှိသေးဘူး။ Ph.D သွားသင်နေတုန်း ရှိသေးတယ်။ အဲဒီတော့ ယာယီဆိုပြီး သူ့ကိုအကုန် ခန့်တာပေါ့။ ဘယ်သူမှဌာနပေါင်းခြောက်ခု ဦးဆောင်ရတဲ့ ပါမောက္ခ မရှိခဲ့ဖူးဘူး။ သူတစ်ယောက်တည်း၊ တစ်ပြိုင်နက်တည်း ဌာနခြောက်ခုလောက် လုပ်ခဲ့ရတာ။ အင်္ဂလိပ်စာဌာနက ပါမောက္ခဖြစ်ပေမယ့် ကျန်တာ ကတော့ ယာယီဆိုပြီး လုပ်ခဲ့ရပါတယ်။ သူ့အစ်ကိုတွေက ဖြစ်စေချင်တာ ရှေ့နေတို့၊ တရားသူကြီးတို့ ဖြစ်စေချင် တာ။
သူကပြောတယ်။ အဲဒီအလုပ်တွေဟာ အင်မတန် ခေါင်းရှုပ်တယ်။ သူ့အစ်ကိုတွေကြည့်ပြီးတော့ သူက တက္ကသိုလ်မှာ ဆရာလုပ်ရတာ အင်မတန်ပျော်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ကိုဖွဲ့စည်း ဖို့၊ ထူထောင်ဖို့လုပ်နေတဲ့အချိန် စားပွဲတစ်လုံး၊ ကုလား ထိုင်တစ်လုံး၊ လက်နှိပ်စက်တစ်လုံးနဲ့ အလုပ်လုပ်နေတဲ့ ဦးထင်စီကိုတွေ့တော့ သူပါဝင်ပြီးတော့ ကူညီချင်လာတယ်။ ဒီတက္ကသိုလ်ကြီးဖြစ်လာအောင် လုပ်တော့မယ်လို့ သန္နိဋ္ဌာန် ချပြီး ကူညီခဲ့တယ်။ တကယ်တော့ ရန်ကုန်တက္ကသိုလ်ကြီး ဖြစ်လာတာ ကျွန်တော့်ဦးလေး ဒေါက်တာထင်အောင်ရဲ့ လုပ်ဆောင်ချက်တွေ အများကြီးပါတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး ။ ။ ဆရာကြီးအကြောင်း ရေးထားတာလေးတွေ သိတာရှိသေးရင် ထပ်ပြီးဖြည့်စွက် ပြောပေးပါ။
ဖြေ ။ ။ သူ့အကြောင်းရေးထားတာ အများကြီးရှိပါတယ်။ ကျွန်တော်တို့ မမီလိုက်ဘူး။ ကျွန်တော် တက္ကသိုလ်ရောက်တော့ သူက သံအမတ်ကြီးအဖြစ် သီရိ လင်္ကာကို ပြောင်းသွားပြီ။ သူ့အတန်းတွေ မတက်လိုက် ရဘူး။ သူက ပုံပြင်နားထောင်တာလည်း ဝါသနာပါတယ်။ ငယ်ငယ်တုန်းကဆို မိဘတွေကို တစ်ချိန်လုံး ပုံပြောခိုင်း နေတတ်တယ်။ နောက် သူဆရာဖြစ်လာတဲ့အခါ ကျွန်တော် တို့ တူတွေ၊ တူမတွေကို ပုံပြင်ပြောပြတတ်တယ်။ ဒါ့ကြောင့် တူတွေ၊ တူမတွေက သူ့အိမ်သွားရင် အလွန်ပျော်ကြတယ်။ ဒေါ်တင်လှဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျတယ်။ ဒေါ်တင်လှကလည်း ပညာတတ်ပါပဲ။ MA ဘွဲ့ရခဲ့ပါတယ်။ သားသမီး မထွန်းကားဘူး။ တူတွေ၊ တူမတွေက သားသမီး တွေလို ဖြစ်နေတာပေါ့။ ကျွန်တော်ဆို လေးတန်းလောက် ကတည်းက ယခုလက်ရှိ ပါမောက္ခချုပ်နေတဲ့ အိမ်ကြီးမှာပဲ ကြီးလာခဲ့တာ။ ပုံပြောနားထောင်ချင်တာကြောင့် ကျောင်းပိတ်ရင် ဦးလေးအိမ်ပဲသွားတယ်။ အင်္ဂလိပ်ပုံပြင် တွေပြောတာ နားထောင်လို့အင်မတန်ကောင်းပါတယ်။ ကျွန်တော့်ဦးလေး ဒေါက်တာထင်အောင်က ရွှတ်နောက် နောက်ပါ။ ပျော်လည်းပျော်တတ်တယ်။ သူပြောတဲ့ ပုံပြင် တွေထဲမှာ ရေတွင်းသုံးခုပုံပြင်ကို အင်္ဂလိပ်ဘာသာနဲ့ ပြောတယ်။ ပုံပြင်စပြောမယ်ဆိုပြီး အင်္ဂလိပ်လူမျိုးတွေ စကားစရင် ပြောလေ့ရှိတဲ့ " Well, well,well " နဲ့ စပြီး ရပ်သွားတယ် ။
ဒီတော့တူတွေ၊ တူမတွေက ‘‘ ဘထွေးဆက်ပြောဦးလေ’’ လို့တောင်းဆိုတဲ့အခါ ‘‘ ရေတွင်း ပုံပြင်ဒါပဲလေ’’ ဟုဆိုကာ ရယ်တော့တာပဲ ။ ကျောင်းသားကျောင်းသူတွေလည်း သူ့ကို အင်မတန်ချစ်ကြတယ်လို့ ပြောတယ်။ အင်္ဂလိပ်၊ မြန်မာညှပ်ပြီးလည်း ပြောလေ့ရှိတယ်။ ကာရန်လေးနဲ့ပြောတတ်တယ်။ စာသင်ကောင်းတဲ့အပြင် စာသင်တဲ့အခါ ဟာသ လေးတွေ ညှပ်ပြီးပြောတော့ ပိုမှတ်မိတာပေါ့။ သူ့စာအုပ်တွေ လေ့လာဖတ်ကြည့်တဲ့အခါ ဘယ်သူမဆို နားလည်နိုင်တဲ့ စကားလုံးတွေ သုံးနှုန်းထားပါတယ်။ မြန်မာ့ရိုးရာ ပုံပြင်တွေကို အင်္ဂလိပ်လိုရေးခဲ့တဲ့အခါ မြန်မာ့ဓလေ့ထုံးစံတွေကို အနောက်တိုင်းစာဖတ်သူတွေ နားလည်အောင် ရေးထား တယ်။
မေး ။ ။ ဒေါက်တာထင်အောင်ရဲ့ ကျောင်းသားကျောင်းသူတွေအပေါ်ထားရှိတဲ့ စိတ်သဘော ထားလေး သိပါရစေ။
ဖြေ ။ ။ အရင်ခေတ်တုန်းက ကျောင်းသား၊ ကျောင်းသူတွေက ဆရာသမားဆို ရိုသေလေးစားကြတယ်။ ဆရာသမားတစ်ခွန်းပြောရင် နားထောင်တယ်။ ဆရာကြီးကိုတွေ့ရင် ကျောင်းသားတွေက လေးလေးစားစား ဆက်ဆံခဲ့ကြတယ်။ ဆရာဆိုတာ ကြောက်တာ တစ်ပိုင်း။ ချစ်တာ တစ်ပိုင်း၊ ချစ်အောင်လုပ်ဖို့ လိုပါတယ်။ ချစ်ကြောက် ရိုသေရမယ်။ အဲဒါမှ စာသင်လို့ရမယ်။ ကျောင်းသူ၊ ကျောင်းသား နားထောင်ကြမယ်။ ကျွန်တော်က အစိုးရအလုပ်ထဲမှာ သံတမန်အလုပ်ကို သိပ်သဘောကျတယ်။ နိုင်ငံခြားလည်း သွားရတယ်။ အင်္ဂလိပ်လိုတတ် တဲ့အတွက် နိုင်ငံခြားသားနဲ့ ဆက်ဆံရင် အောင်မြင်မယ်လို့ထင်ပြီး သိပ်လုပ်ချင်ခဲ့တယ်။ ခဏဆိုပြီး တက္ကသိုလ်မှာ ဆရာဝင်လုပ်လိုက်တာ အလွန်ပျော်သွားပြီး ဘဝတစ်ခုလုံး ဆရာပဲ လုပ်ချင်တော့တယ် ။ ယနေ့အထိပါပဲ။ ပင်စင်ယူပြီး နားတာမရှိပါဘူး။ စာသင်ရတဲ့အလုပ်ကို အတော်ပျော်မွေ့ ခဲ့ပါတယ်။ ကျွန်တော့်မှာ ဦးလေးရဲ့သွေး အပြည့်ပါတယ်လို့ ထင်ပါတယ်။ သူ့ကိုသံအမတ်အဖြစ် သီရိလင်္ကာကို ပို့လိုက်တော့ ပထမစိတ်မကောင်းဘူး။ သူကလည်း ပညာရေးပဲ ဝါသနာပါတာ။ ဒါပေမယ့် သူကဟိုရောက်တဲ့အခါ သမိုင်းဝါသနာပါပြီး သမိုင်းလေ့လာတော့ မြန်မာနဲ့သီဟိုဠ်နိုင်ငံရဲ့ ရှေးတုန်းက ဆက်ဆံရေးတွေ အကုန်ပြန်ပြီး လေ့လာနိုင်ခဲ့တယ်။
မေး ။ ။ ဆရာကြီး ဒေါက်တာ ထင်အောင် ရေးခဲ့တဲ့စာအုပ်တွေ ရှိပါသလား။
ဖြေ ။ ။ စာအုပ်တွေ အများကြီးရေးခဲ့တယ်။ အလွန်လည်းကောင်းတယ်။ သူကတော့ တကယ့်စကော့လား (scholar)ပါ။ ဘယ်ရောက်ရောက် စာကြည့်တိုက်ထဲဝင် စာအုပ်တွေလေ့လာတယ်။ အများကြီးလေ့လာပြီးမှ ရေးလေ့ရှိတယ်။ နောက်ပိုင်းသူရေးတဲ့ History of Burma စာအုပ်ဖတ်ကြည့်လိုက်တဲ့အခါ အင်္ဂလိပ်တွေ ရေးခဲ့တဲ့ မြန်မာသမိုင်းတချို့ အချက်အလက်တွေကို ပြန်ချေပထားတယ်။ တချို့က တစ်ဖက်စောင်းနင်းဖြစ်နေတယ်။ ကျွန်တော်တို့ ဘုရင်တွေ၊ သမိုင်းတွေကို ဟိုဘက်အမြင်နဲ့ ရေးထားတာ တချို့ချွတ်ချော်နေတာကို ပြန်ပြီးတော့ ချေပလိုက်တယ်။ မြန်မာ့သမိုင်းအမှန်ကို ကမ္ဘာကသိအောင် ဆရာကြီးက ပြန်လုပ်ပေးခဲ့ပါတယ်။ ဒီအချက် တွေမှန်တယ်။ ဒီအချက်မှားတယ်ဆိုတာကို ဆရာကြီးက ထောက်ပြတယ်။ သူက အင်္ဂလိပ်လိုကျွမ်းတော့ အင်္ဂလိပ်လို ထိထိမိမိရေးနိုင်တဲ့အတွက် အဲဒီစာအုပ်တွေက အဖိုးတန်ပါတယ်။ ပညာရေးအတွက် အများကြီးလုပ်ခဲ့ပါတယ်။ တကယ်တော့ သိပ်နှမြောပါတယ်။ သူ့ကို ယခုထိသက်ရှိ ထင်ရှားရှိစေချင်ပါတယ်။ သူတည်ဆောက်ပျိုးထောင်ပေးခဲ့တဲ့ တက္ကသိုလ်ကြီးနှစ် ၁၀၀ တောင် ရှိခဲ့ပြီဆိုတော့ တက္ကသိုလ်နှစ် ၁၀၀ ပြည့်မှာ သူသာရှိရင် ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ။
မေး ။ ။ ဒေါက်တာထင်အောင်ရဲ့ မိသားစုအပေါ် ထားရှိတဲ့ စိတ်ထားလေး သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ မိသားစုအားလုံး ဘဒွေးလေးလို့ခေါ်တဲ့ ဒေါက်တာထင်အောင်ကို အချစ်ဆုံးပါ။ ရယ်ရယ်မောမော စကားပြောကောင်းတယ်။ ကလေးလည်း ချစ်တယ်။ ရုပ်ရှင်ကြည့်လည်း ကာတွန်းပဲ ကြည့် တယ်။ ကာတွန်းရုပ်ရှင် သိပ်ကြိုက်တယ်။ ရုပ်ရှင်ကြည့်ပြီး ပြန်လာရင် ဘဒွေးလေး ရုပ်ရှင်ကားကောင်းလားလို့မေးရင် ရုပ်ရှင်ကားက မကောင်းဘူး၊ ကာတွန်းကားကကောင်းတာကွာလို့ ဖြေလေ့ရှိတယ်။ ၁၉၇၈ ခုနှစ် မေလ ၂ ရက်မှာ ကွယ်လွန်သွားပါတယ်။ စာအုပ်တစ်အုပ်ရေးရင်းနဲ့ ကွယ်လွန်သွားတာပါ။ အဲဒီစာအုပ်က ပြီးမသွားဘူး။ အခု ပြန်လုပ်နေပါတယ်။ လုပ်နေတဲ့အဖွဲ့က သူ့စာအုပ်တွေ ပြန်ရိုက်ပြီး လှူပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူပြီးပါပြီ။ ပြန်ကြားရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ စာကြည့်တိုက်တွေကိုလည်း လှူပါမယ်။ လှူဒါန်းရခြင်းကတော့ ခုခေတ်ကျောင်းသား ကျောင်းသူတွေ ဖတ်စေချင်လို့ပါ။ စာအုပ်ထဲမှာပါတဲ့ ပုံပြင်တွေကလည်း ကြားဖူးနားဝရှိတဲ့ မြန်မာပုံပြင်တွေကို အင်္ဂလိပ်ဘာသာနဲ့ရေးထားတာပါ။ အိမ်ကကလေးတွေ ဖတ်ခိုင်းတော့ အတော်သဘောကျကြတယ်။ စာကြည့်တိုက်တွေကိုလည်း ပို့ပေးပါ့မယ်။
မေး ။ ။ ဆရာကြီး ဒေါက်တာ ထင်အောင် ရန်ကုန်တက္ကသိုလ်မှာ စာသင်ခဲ့တဲ့ အတွေ့အကြုံလေး တွေအနက် သိရှိမှတ်မိတာများရှိရင် သိပါရစေ။
ဖြေ ။ ။ ရန်ကုန်တက္ကသိုလ်ကို ၁၉၅၈ ခုနှစ်အထိပျိုးထောင်ခဲ့တယ်။ စတည်စဉ်ကတည်းက စာသင်ခဲ့ရတာ။ မိုးရွာရင် မိုးရေတွေရော၊ ခါချဉ်ပုရွက် ဆိတ်ကောင်တွေပါ ကျောင်းသူ ကျောင်းသားတွေရဲ့ ကိုယ်ပေါ်ကျပြီး သင်ယူခဲ့ရတာ။ အဆင့်ဆင့်နဲ့ အခုဒီလို ဖြစ်လာခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဝိဇ္ဇာခန်းမမှာ ပထမဦးဆုံး မြန်မာလူမျိုး ပါမောက္ခချုပ်ဖြစ်တဲ့ သူ့ရုပ်ပုံကို ချိတ်ဆွဲထားပါတယ်။ ကျွန်တော်တို့ မိသားစုအသိုင်း အဝိုင်းကလည်း တက္ကသိုလ်အသိုင်းအဝိုင်းထဲကပါ။ အခု ထက်ထိ တက္ကသိုလ်ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ကျွန်တော်ပါဝင်ကူညီခွင့်ရတဲ့အတွက် ကြည်နူးရပါတယ်။ တက္ကသိုလ်ထဲရောက်သွားရင် ကျွန်တော့်စိတ်ထဲက အလိုလို နုပျိုလွတ်လပ်ပြီး အလွန်ပျော်တယ်။ ဒါ့ကြောင့် ခဏခဏအစည်းအဝေးတက်ဖို့အတွက် တက္ကသိုလ်ထဲ ရောက်သွားရင် ပါမောက္ခချုပ်နေတဲ့ အိမ်ကို အမြဲကြည့် ပြီး ဘဒွေးလေးကို အမြဲသတိရမိတယ်။
မေး ။ ။ ဆရာနေအုပ်ရဲ့ တက္ကသိုလ်ကျောင်းသား ဘဝ၊ ဆရာဘဝ ပုံရိပ်လေးတွေကိုလည်း သိပါရစေ။
ဖြေ ။ ။ တက္ကသိုလ်ထဲမှာ ကျောင်းသားပုံရိပ်၊ ဆရာ ဘဝပုံရိပ် သတိရစရာတွေ အများကြီးပါ။ တက္ကသိုလ်ကျောင်းသားဘဝ မရောက်ခင်ကတည်းက တက္ကသိုလ်ထဲ ရောက်ခဲ့တာပါ။ ဘကြီး ဦးအေးမောင်နဲ့ ဒေါ်မြမူက တက္ကသိုလ်ထဲမှာနေတယ်။ ဒေါ်လေး ဒေါ်ခင်စောမူလည်း ဒီထဲမှာနေတယ်။ ဘဒွေးလေး ဒေါက်တာ ထင်အောင် ပါမောက္ခချုပ်ဖြစ်စဉ်က Campus မှာပဲ နေခဲ့ တယ်။ အပြင် ဘဘ ဆရာမင်းသုဝဏ်၊ ဘဘ ဆရာ ဇော်ဂျီတို့ ရှိကြတယ်။ အမျိုးတွေလိုပဲ တက္ကသိုလ်ထဲမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် လျှောက်လည်ခဲ့တယ်။ ဆွေမျိုးတွေပေါ့။ အလွန်ကို ပျော်ခဲ့တာ။ တက္ကသိုလ် ကျောင်းသားဖြစ်လာပြန်တော့လည်း လေးနှစ်တိတိ အဲဒီဝင်းကြီးမှာပဲ ပညာသင်ခွင့်ရခဲ့တယ်။ အင်္ဂလိပ်စာ ဌာနမှာ နည်းပြဆရာဖြစ်လာတော့လည်း နောက်ထပ် ခုနစ်နှစ်နေခဲ့ရတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာ ကျွန်တော့်ရဲ့ ဒုတိယအိမ်ပါပဲ။ အခု ရန်ကုန်တက္ကသိုလ် ကြီးကနှစ် ၁၀၀ ပြည့်ဆိုတော့ ရန်ကုန်တက္ကသိုလ်ရာပြည့် ပွဲကြီးကို အင်တိုက်အားတိုက် ပါဝင်ပံ့ပိုးပြီး ကူညီပေး ရတာလည်း ကျွန်တော့်အတွက် ကြည်နူးစရာတစ်ခုပါပဲ။
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။