စေတုတ္တရာ ၁၀ နို၀င်ဘာ
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ညောင်ကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေမှ အတိုးရငွေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်မီးအသုံးပြုနိုင်စေရန် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ပါကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ညောင်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ်က ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် အသက်မွေး၀မ်းကျောင်း ဝင်ငွေတိုးပွားရေး လုပ်ငန်းများ စတင်လည်ပတ် အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ အဆိုပါရန်ပုံငွေမှ အတိုးရငွေကျပ် ၅ သန်း၊ ပြည်သူထည့်၀င်ငွေကျပ် ၁၅ သန်း စုစုပေါင်းငွေကျပ် ၂၀ သန်းဖြင့် အရှည်ပေ ၅၉၀၀ ရှိ ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းအား မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာ အကူအညီဖြင့် ယခုနှစ် စက်တင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၆၄ အိမ်အား လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်း က ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


