ကသာ  ၁၀  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ နောင်ပိန်းကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း ပြီးစီးမှုကို နိုဝင်ဘာ ၁၀ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်မြင့်သန်းနှင့် တာဝန်ရှိသူတို့က စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း၊ အိမ်သွယ်ရေတိုင်မှရေ သုံးစွဲနေမှုကိုကြည့်ရှု စစ်ဆေးပြီး တင်ဒါအောင်ကုမ္ပဏီနှင့် ကျေးရွာရေကော်မတီများတွေ့ဆုံ၍ လိုအပ်သည်များ အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

 

ယင်းစိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းအရှည် (၂၆၀၀)ပေ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ (အလျား၂၅ × အနံ ၃× အမြင့် ၅) ပေ ရေတားတမံ တည်ဆောက်ခြင်း၊ ဂါလန်(၂၀၀၀)ဆံ့ ရေကန်တည်ဆောက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၆ ဒသမ ၉၃) သန်းဖြင့် KBS ကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါအိမ်ခြေ (၅၂)အိမ်၊ လူဦးရေ (၂၅၈)ဦးအား သောက်သုံးရေ အိမ်တိုင်ရာရောက် ရရှိနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နော်အေးထူးက ပြောကြားသည်။

မျိုးဝင်းညို (ကျွန်းလှ)