ရန်ကုန် ၁၀ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ သနန္တနဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်က ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လူနာတင်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်က အဖွင့်အမှာ စကားပြောကြားပြီး လူနာတင်ယာဉ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အမှုဆောင်များက ပေးအပ်ရာ ကျောက်တံတားမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးရွှေမောင်း က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ် ဥက္ကဋ္ဌ Shri Bajrang Lal Sharma (ခ) ဦးမောင်မောင်က “အခုလို ကိုဗစ်-၁၉ ကာလမှာ အရေးပေါ် လူနာတွေအတွက် လူနာတင်ယာဉ်တွေ လိုအပ်ပါတယ်။ ဒီမြို့နယ်အတွက် လူနာတင်ယာဉ် လိုအပ်နေတယ်ကြားလို့ အခုလို လှူဒါန်းရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
(ရီရီ)


