၁၀ နိုဝင်ဘာ

 

အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စပါ ကို တာဝန်မှ ရပ်ဆိုင်းကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ထရမ့်ရဲ့ တွစ်တာမှာ ရေးသားလိုက်ပါတယ်။

 

အခုလို ကာကွယ်ရေး ဝန်ကြီးကို တာဝန်ကနေရပ်ဆိုင်းခြင်းဟာ သမ္မတရွေးကောက်ပွဲ မှာ ဂျိုးဘိုင်ဒင် အနိုင်ရတာကို လက်ခံဖို့ ငြင်းဆန်နေတာ နဲ့ ဆက်စပ်နေလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

 

အိမ်ဖြူတော်ကို သီတင်းပတ် ၁၀ ပတ်အတွင်းမှာ စွန့်ခွာရမယ့် ထရမ့် က ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စပါကို တာဝန်မှ ရပ်ဆိုင်းပြီး အမေရိကန် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ ဗဟိုဌာနရဲ့ ဒါရိုက်တာ ခရစ်တိုဖာ မီလာကို ယာယီကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ပါတယ်။

 

အက်စပါဟာ ပင်တဂွန်ရဲ့ အကြီးအကဲတာဝန်ကို လေးနှစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။ ထရမ့်နဲ့ အက်စပါတို့ကြားမှာ သဘောမတူညီမှုတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတွင်းက လတ်တလော ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေ ရပ်ဆိုင်းအောင် တပ်သားတွေ ဖြန့်ချမယ်လို့ သမ္မတက ပြောကြားခဲ့တာကို ကာကွယ်ရေးဝန်ကြီးက လက်မခံကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ နောက်ထပ် ထင်သာမြင်သာတဲ့ သဘောမတူညီချက်တစ်ခုကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေကို သမ္မတရဲ့ ချက်ခြင်း ရုပ်သိမ်းရေး ဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဖြစ်လာမယ့် မီလာဟာ စစ်တပ်မှာ ၃၁ နှစ် တာဝန်ထမ်‌းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်၊ ၂၀၀၃ ခုနှစ်မှာ အီရတ်နိုင်ငံတို့မှာ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။  တာဝန်က အငြိမ်းစားယူပြီးနောက် အစိုးရရဲ့ စုံစမ်းရေးဌာနရဲ့ အကြံပေးအဖြစ်တာဝန်ဆောင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဩဂုတ်လတော့ အမေရိကန် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ ဗဟိုဌာနရဲ့ ဒါရိုက်တာ ဖြစ်လာကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP