ဆိုးလ်  ၁၀ နိုဝင်ဘာ

           

ပင်လယ်ရေအောက် ကာကွယ်ရေးစွမ်းပကားများ မြှင့်တင်ရေးကြိုးပမ်းမှုအဖြစ် တောင်ကိုရီးယားနိုင်ငံက ခေတ်မီ တိုက်ခိုက်ရေးနှင့် အသံလှိုင်းဖြင့် ရေအောက်ရှိ အရာဝတ္ထုတည်နေရာ ရှာဖွေရေးစနစ်များ တပ်ဆင်ထားသော တန်ချိန် ၃၀၀၀ ရှိ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ်တစ်စင်းကို ရေချလိုက်ကြောင်း ရေတပ်က ပြောသည်။

           

အန်းမူဟု အမည်ပေးထားသည့် အလတ်တန်းစား ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောရေချအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂျော်ဂျီမြို့ရှိ ဒေဝူးသင်္ဘောတည်ဆောက်ရေးနှင့် အင်ဂျင်နီယာကုမ္ပဏီပိုင် အော့ခ်ပိုသင်္ဘောကျင်း၌ ယနေ့ ကျင်းပခဲ့သည်။

           

၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည့် ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံတန်ကြေးရှိ စီမံကိန်းတစ်ရပ်အရ တောင်ကိုရီးယားနိုင်ငံက ၂၀၂၃ ခုနှစ်မတိုင်မီ ကိုယ်ပိုင်နည်းပညာများဖြင့် တည်ဆောက်ရန်စီစဉ်နေသော တန်ချိန် ၃၀၀၀ ရှိ ရေငုပ်သင်္ဘောသုံးစင်းအနက် ဒုတိယမြောက်အစင်းဖြစ်သည်။

           

ဒိုဆန်အန်ချောင်ဟိုဟု အမည်ပေးထားသည့် ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၁၈ ခုနှစ်တွင် ရေချခဲ့ပြီး ယခုနှစ်အကုန်တွင် ပင်လယ်ပြင်အတွင်း ဖြန့်ကြက်မည်ဟု မျှော်မှန်းရသည်။

           

အလျား ၈၃ ဒသမ ၃ မီတာ၊ အနံ ၉ ဒသမ ၆ မီတာရှိသော အန်းမူရေငုပ်သင်္ဘောက တပ်ဖွဲ့ဝင် ၅၀ သယ် ဆောင်နိုင်ပြီး ရေအောက်တွင် ရက် ၂၀ တာဝန်ထမ်းဆောင်နိုင်ကြောင်း၊ ဒုံးကျည်များပစ်ခတ်နိုင်သော လက်နက် ခြောက်စင်း တပ်ဆင်ထားကြောင်း ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးအစီအစဉ် ခန့်ခွဲမှုဌာန (DAPA) မှ တာဝန်ရှိသူများက ပြောသည်။

           

လိုအပ်သော စမ်းသပ်မှုများပြုလုပ်ပြီးပါက အဆိုပါရေငုပ်သင်္ဘောကို ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယား ရေတပ်သို့ ပေးအပ်မည်ဖြစ်သည်။

           

ရေတပ်၏ အရေးပါသော မဟာဗျူဟာမြောက် ရေငုပ်သင်္ဘောတစ်စင်းဖြစ်သောကြောင့် ခြိမ်းခြောက်မှုများကို ပိုမို ကောင်းမွန်စွာ တုံ့ပြန်နိုင်ပြီး ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ပေးမည်ဟု မျှော်မှန်းရကြောင်း ရေတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

           

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ တန်ချိန် ၁၂၀၀ ရှိ ရေငုပ်သင်္ဘော ကိုးစင်းနှင့် တန်ချိန် ၁၈၀၀ ရှိ ရေ ငုပ်သင်္ဘောကိုးစင်း ပိုင်ဆိုင်ထားသည်။

 

ကိုးကား-Yonhap