ဖလမ်း ၁၀ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပရာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ဆန္ဒမဲလက်မှတ် ရရှိမှုကို မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာ ၉ ရက် ညနေပိုင်း ဖလမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲလက်မှတ်များကို မှန်ကန်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အများပြည်သူအသိသက်သေများက လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
“ဒီနေ့မှာဆိုရင် မနေ့က ရွေးကောက်ပွဲ ညနေ ၄ နာရီ မဲရုံပိတ်သိမ်းပြီးအချိန်မှာ ပုံစံ-၁၆ တွေလာအပ်တာ ရှိပါတယ်ပေါ့နော်။ ဒီပုံစံ-၁၆ တွေကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၆၇(ခ) အရ ပုံစံ-၁၆ တွေရယ် ပြီးတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ရေတွက်တဲ့ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲ ပုံစံ-၁၈ တွေရယ်ကို ပုံစံ-၁၉ မှာ စာရင်းပြုစုပါတယ်။ ပုံစံ-၁၉ ကို စာရင်းပြုစုပြီးလို့ရှိရင် ပုံစံ-၁၉ မှာလည်း သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များက လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်”လို့ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းခန့်က ပြောသည်။
ဖလမ်းမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်းကို ဖလမ်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


