မယ်စဲ့ ၁၀ နိုဝင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျောက်စုကျေးရွာ မြစိမ်းရောင်စီမံကန်း အဌမအကြိမ် ပြန်လည်ထုတ်ချေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့် မြစိမ်းရောင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက ကျောက်စုကျေးရွာမှ သတ္တမအကြိမ် စီမံကိန်း ချေးငွေများ ပြန်လည်ပေးဆပ်ပြီး ဖြစ်သဖြင့် အဌမအကြိမ် ပြန်လည်ထုတ်ချေးနိုင်ရေးအတွက် လျှောက်လွှာများတင်ပြလာမှုအပေါ် မြို့နယ်ကော်မတီမှ စီစစ်သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းချေးငွေဖြင့် အမှန်တစ်ကယ် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်းများကိုသာ ဆောင်ရွက်စေလိုကြောင်း အကြံပြု ပြောကြားသည်။
ဆက်လက်၍ မြို့နယ်အဆင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက စီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာအတွက် အမှန်တစ်ကယ်လိုအပ်သော လုပ်ငန်းဖြစ်စေရေး ကျေးရွာကော်မတီဝင်များက ရွေးချယ်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်စုကျေးရွာမှ အဌမအကြိမ် အသစ်ထုတ်ချေးမည့်သူ ၁၂၁ ဦးအတွက် ငွေကျပ် ၅၃၆ သိန်းကို ကျေးရွာကော်မတီမှ ချေးငွေလျှောက်လွှာများ တင်ပြလျှောက်ထားလာမှုအပေါ် မြို့နယ်ကော်မတီမှ စီစစ်အတည်ပြု ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


