ကလေး ၁၀ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်(၃၀၀)ဆံ့ ဆေးရုံကြီး (တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှု ခံယူနေသည့် အသက်(၇၆)နှစ်အရွယ် အမျိုးသားအပါအဝင် အတည်ပြုလူ (၅)ဦးတို့ဟာ ဆေးရုံဆင်းသတ်မှတ် ချက်များအရ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဆေးရုံမှဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက်(၇၆)နှစ်အရွယ် အမျိုးသားမှာ ကလေးမြို့အောင်သစ္စာရပ်ကွက် နယ်မြေ(၃)မှဖြစ်ပြီး ကျန်(၄)ဦး တို့မှာလည်း အောင်သစ္စာရပ်ကွက် နယ်မြေ(၃)နေ အမျိုးသမီး (၁)ဦးနှင့် အသက်(၁၀)နှစ် အရွယ်အမျိုးသား၊ (၈)နှစ်အရွယ် အမျိုးသားနှင့် အသက်(၂)နှစ်(၆)လအရွယ် အမျိုးသားတို့ဖြစ်ကြပြီး ကလေးမြို့ခုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များကို ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာရမည့်အချက်များကို တိကျလိုက်နာစေရန် မှာကြားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း (၁၀၈) ဦးရှိရာ (၆၅)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေသည့် အတည်ပြုလူနာ (၄၃)ဦးတို့ကို ကလေးမြို့တိုင်းရင်းဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


