ဂန့်ဂေါ  ၁၀  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင်  အဓိကလမ်းများဖြစ်သည့် မြို့ပေါ်ရှိလမ်းမကြီးများ ၌ LED လမ်းမီးအသစ်များ လဲလှယ်ဆောင်ရွက်ခြင်းကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့ နံနက်(၉)နာရီကစတင်ကာ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ခြင်းမှာ ဗိုလ်ချုပ်လမ်း၊ မြစ်ရှောင်လမ်း၊ မြို့ပတ်လမ်းတို့၌ ဆောင်ရွက်ခြင်းဖြစ်ပြီး  “ အများပြည်သူများ သွားရေးလာရေးလွယ်ကူစေရန် လမ်းမီးများလဲလှယ် တပ်ဆင်ပေးခြင်းဖြစ်ပါတယ် ” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးက ပြောသည်။

 

လမ်းမီးများ အသစ်လဲလှယ်တပ်ဆင်ခြင်းကို မြစ်သာမြစ်ရှောင်လမ်း၌ လုပ်ငန်းဆောင်ရွက်ပြီး ဖြစ်ကာ  စည်ပင်သာယာရပ်ကွက်၊ မြို့မရပ်ကွက်၊ ကျောတိုက်ရပ်ကွက်၊ မြောက်ကုန်းရပ်ကွက် လမ်းပိုင်းများ၌ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

 

လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များဖြစ်သော ဦးတင်သောင်း နှင့်ဦးသောင်းဆင့်တို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက် ကြခြင်းဖြစ်ကြောင်းနှင့် မီးပွင့် ၂၀၀ ကျော် တပ်ဆင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မျိုးမင်းသန်း(ပြန်ဆက်)