ပွင့်ဖြူ ၁၀ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာမှ ဆရာမ ဒေါ်အေးအေးမူနှင့် ဒေသခံများက ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ (၆)စုံ ၊ Surgical Gown (၁၄)စုံတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စအဝဝကို ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ဖြစ်ပွားသည့်ကာလ မြို့နယ်တွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


