ပုဗ္ဗသီရိ  ၁၀  နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မိုးစပါးသီးနှံ ဓာတ်မြေဩဇာနှုန်းထားစမ်းသပ်ကွက် ရိတ်သိမ်းမှု ကွင်းသရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီက သပြေတန်းကျေးရွာ၊ ကွင်းအမှတ်(၁၆၃၄)၌ ဆောင်ရွက်ခဲ့သည်။

"သီးနှံများ အထွက်နှုန်းကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းမွန်ရန်မှာ တောင်သူများအသုံး ပြုလျက်ရှိသည့် ဓာတ်မြေဩဇာ အမျိုးအစားနှင့်နှုန်းထားသည် အလွန်အရေးပါကြောင်း၊ စပါးစိုက်တောင်သူများအနေဖြင့် စပါးမျိုးကွဲများအလိုက် ကောင်းမွန်မှန်ကန်ပြီး စီးပွားရေးအရတွက်ခြေကိုက်သော ဓာတ်မြေဩဇာနှုန်းထားကို သုံးစွဲနိုင်စေဖို့ စမ်းသပ်ကွက်များကို စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စမ်းသပ်ကွက်များစိုက်ပျိုးရာတွင် ဓာတ်မြေဩဇာ နှုန်းထား အမြင့်၊ အလယ်/အလတ်နှုန်းထား၊ နှုန်းထားအနိမ့်နှင့် တောင်သူများ ပုံမှန်သုံးစွဲလျက်ရှိသည့် ဓာတ်မြေဩဇာနှုန်းထားဟူ၍ ခွဲခြားကာ စိုက်ပျိုးထားကြောင်း" နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က ပြောသည်။

နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲအလိုက် အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် ဓာတ်မြေဩဇာနှုန်းထားကို တောင်သူများသုံးစွဲနိုင်စေရန်အတွက်  ထိုင်းနှံကောက်၊ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ စသည့်စပါးမျိုးများကို ဓာတ်မြေဩဇာနှုန်းထားစမ်းသပ်မှုအဖြစ် အဓိကထားစမ်းသပ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)