ချင်းရွှေဟော် ၁၀ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံ၊ ပေကျင်းမြို့ မြန်မာသံရုံးအကူအညီဖြင့် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ (၉၀)ဉီးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ယမန်နေ့ ညနေ ၄ နာရီက လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ (၉၀)ဉီးမှာ အမျိုးသား (၆၃)ဉီး၊ အမျိုးသမီး(၂၇)ဉီးဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးမှ (၁၀)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၇)ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ (၁၀)ဉီး၊ မကွေးတိုင်းဒေသကြီးမှ (၁၂)ဉီး၊ ကချင်ပြည်နယ်မှ (၃)ဉီး၊ ရှမ်းပြည်နယ်မှ (၁၃)ဉီး၊ ရခိုင်ပြည်နယ်မှ (၃၃)ဉီးနှင့် နေပြည်တော်မှ (၂)ဉီးတို့ ဖြစ်သည်။
နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ခေတ္တ ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနက ၎င်းတို့၏ ဓာတ်ခွဲနမူနာများရယူပြီး မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရ၍ သက်ဆိုင်ရာဒေသများသို့ ဆက်လက်၍ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)


