၁၀ နိုဝင်ဘာ
ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူးက ယခုနှစ်ဘောလုံးရာသီအတွင်း ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် ယူရိုပြိုင်ပွဲ ပြင်သစ်အသင်း လူစာရင်းမှာ ပါဝင်ခွင့်သေချာစေဖို့အတွက် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
နည်းပြ လမ်းပတ်ဟာ ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း တီမိုဝါနာကို ခေါ်ယူခဲ့တာကြောင့် ဂျရူးဟာ အီဘရာဟမ်နဲ့ ဝါနာတို့နှစ်ဦးနောက်မှသာ ကစားခွင့်ရနေတာဖြစ်ပြီး ယခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲတွေမှာ ပွဲကစားချိန် ၃၃ မိနစ်သာ ဝင်ရောက်ကစားခွင့် ရခဲ့ပါတယ်။ ဒီအခြေအနေဟာ ပြင်သစ်အသင်းနဲ့ ယူရိုဖလားနွှဲဖို့ပြင်နေတဲ့ ဂျရူးအတွက်တော့ အသင်းပြောင်းဖို့ကလွဲရင် အခြားနည်းလမ်းမရှိဘူးလို့ ဆိုရမှာပါ။
ဂျရူးဟာ ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း အင်တာမီလန်ကို ရောက်ရှိနိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် ချယ်လ်ဆီး အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီး ချယ်လ်ဆီးမှာ အံ့အားသင့်ဖွယ်ဆက်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ပြင်သစ်အသင်းမှာ တစ်နေရာရဖို့ ထိုက်တန်ကြောင်း ပြသလိုတဲ့အတွက် ချယ်လ်ဆီးကနေ သေချာပေါက်ခွာပြီး ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ပြင်နေတာပါ။
ပြင်သစ်အသင်းမှာကလည်း နောက်တက်ကစားသမားကောင်းတွေ အများအပြားရှိနေတာကြောင့် အသင်းပြောင်းဖို့ ကလွဲရင် သူ့အတွက် အခြားရွေးချယ်စရာမရှိတာကြောင့် ဇန်နဝါရီလမှာ ဂျရူးနဲ့ ချယ်လ်ဆီးအသင်းတို့ လမ်းခွဲမှုကို မြင်တွေ့ရဖို့ သေချာကြောင်း London. Football က အတိအကျကို ဖော်ပြခဲ့ပါတယ်။
မေလဲ့သင်း