ညောင်ဦး  ၁၀  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်၌ ယနေ့ နံနက် ၆ နာရီခွဲခန့်က သက်တမ်းရင့်ညောင်ပင်ကြီးမှ ကြီးမားသည့်ညောင်ကိုင်းကြီးကျိုးပဲ့ကျရာ လူနေအိမ် သုံးလုံးပေါ်ပိပြီး အိမ်များပျက်စီး ခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်ကိုင်းကျိုးပဲ့ကျခြင်းကြောင့် ဒေါ်အေးကြူ (၈၀)နှစ်၏ (၃)ပင်၊ (၂)ပင် သွပ်မိုးထရံကာ မြေစိုက်နေအိမ် (၁)လုံး၊ ဦးမျိုးမင်းမောင် ၏ (၃)ပင် ၊ (၂)ပင် သွပ်မိုး၊ ထရံကာ မြေစိုက်နေအိမ် တစ်လုံး၊ ဦးအောင်ဆွေ ၏ (၄)ပင်၊ (၃)ပင် သွပ်မိုးထရံကာ ကြမ်းခင်းနေအိမ်ရှေ့အဖီတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်သုံးလုံးအတွက် ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ပြိုကျပျက်စီးနေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးတို့ရှိ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး ၄၂၀၀၀ ကျပ်၊ ပျက်စီးနေအိမ်သုံးလုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး သုံးသိန်းကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးအတွက် ထောက်ပံ့ငွေ တစ်သိန်းကျပ် စုစုပေါင်းထောက်ပံ့ငွေ ၄၄၂၀၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ကျိုးကျညောင်ပင်ကိုင်းကြီးအား ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ညောင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ၊ ညောင်ဦးအရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း