နေပြည်တော်  ၁၀  နိုဝင်ဘာ 

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းစဉ်၌ ပါဝင် ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ယာဉ်များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီ ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေးအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပသည်။ 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ပထမဦးစွာ တိုင်းဒေသကြီး/ ပြည်နယ်များမှ စုဆောင်းရှိသော စေတနာ့ဝန်ထမ်းများဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း အသိပညာပေးအစီအစဉ်အား (၄)ကြိမ်ပြုလုပ်ခဲ့ပြီး၊ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ စေတနာ့ ဝန်ထမ်း(၅၅၃)ဦးကို အသိပညာပေး ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများကို လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း (MMA)တို့နှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်၊ စေတနာ့ဝန်ထမ်း နည်းပြလက်စွဲစာအုပ်များအား ပြုစုဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း။

အဆိုပါအသိပညာပေး အစီအစဉ်ကတစ်ဆင့် လူနာတင်ယာဉ်ဖွဲ့စည်းပုံနှင့် အသက်ရှူစက်များ အလုပ်လုပ်ပုံ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်း၊ ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ဝတ်ဆင်သည့် နည်းလမ်းနှင့် စွန့်ပစ်အမှိုက်များနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လူနာတင်ယာဉ် များတွင် ကိုယ်ဝန်ဆောင်မိခင်များပါလာပါက ဆောင်ရွက်ရမည့် အခြေအနေများနှင့် သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ဒီအပြန်အလှန်ဆွေးနွေးခြင်းများကတစ်ဆင့် သိရှိရသည့် အချက်များ အပေါ်မူတည်၍ လက်ရှိတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် သံသယလူနာများ သယ်ယူပို့ဆောင် ပေးသော စေတနာ့ဝန်ထမ်းအရေးပေါ် လူနာတင်ယာဉ် ယာဉ်မောင်းနှင့် အကူတို့အတွက် အသိပညာပေးလက်စွဲ ပေါ်ပေါက်လာစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့၏ အကူအညီနဲ့ ဆောင်ရွက်ခဲ့ပြီး ဒီနေ့တက်ရောက်သူများကို ebook အနေဖြင့် စတင်ဖြန့်ချိပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုလို အချိန်မှာ စေတနာ့ဝန်ထမ်းများအနေဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ပေးနေကြသည့် တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါကြောင်း၊ နိုင်ငံတော်ကိုယ်စား‌သာမက အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ကိုယ်စား ပြောကြားလိုပါကြောင်း၊ နောင်လည်း ဆက်လက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် သက်ဆိုင်ရာခေါင်းစဉ်အလိုက် မြန်မာနိုင်ငံဆရာဝန်အသင်းမှ တာဝန်ရှိသူများက ဆက်လက်ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော စေတနာ့ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းကြရာ အပြန်အလှန်ဖြေကြားကြပြီး မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမြသီတာက နိဂုံးချုပ် အမှာစကား ပြောကြားသည်။ 

ယခုပဥ္စမအကြိမ် အသိပညာပေးအစီအစဉ်သို့ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမြသီတာ၊ ပါမောက္ခ ဒေါက်တာမာမာကြည်၊ ဒေါက်တာသာထက်အောင်နှင့် ဒေါက်တာသောင်းလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ လူမှုဝန်ထမ်း ရုံးများမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်