နေပြည်တော်  ၁၀  နိုဝင်ဘာ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအကြို ကျင်းပသည့် (၁၉)ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေး၊ အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန် ကုန်သွယ်ရေးဝန်ကြီးတို့၏ ဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်သည်။

(၁၉) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးတွင် ဝန်ကြီးများက ၂၀၂၀ ပြည့်နှစ် အတွင်း အာဆီယံဥက္ကဋ္ဌအဖြစ် ဗီယက်နမ်နိုင်ငံက တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ချမှတ်ထား သည့် ဦးစားပေးလုပ်ငန်း (၁၃)ခု၏ ဆောင်ရွက်ပြီးမြောက်မှုကိုလည်းကောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) လမ်းပြမြေပုံ (၂၀၂၅) ကာလလယ်သုံးသပ်ချက် ကနဉီးအစီရင်ခံစာပါ ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် အကြံပြုချက်များအပေါ်တွင် လည်းကောင်း၊   ဆွေးနွေးခဲ့ကြ သည်။ ထို့ပြင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင်နှင့် ယင်းမူဘောင်ကို  အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးများက အမြန်ဆုံး ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြသည်။ 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရာတွင် အချို့သောလုပ်ငန်းများသည် ကဏ္ဍဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှု၊ စောင့်ကြည့်စစ်ဆေးမှု၊ အကဲဖြတ်မှုများ ပိုမိုခိုင်မာအားကောင်းရန်  လိုအပ်ပါကြောင်း၊  စတုတ္ထစက်မှုအသွင် ကူးပြောင်းရေးနှင့် စပ်လျဉ်းသည့် နည်းပညာများသည် စီးပွားရေးကဏ္ဍတွင်သာမက အများပြည်သူ၏ လူမှုဘဝများနှင့် ဆက်စပ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုနယ်ပယ်များတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊  အာဆီယံဒေသအတွင်း ကဏ္ဍများနှင့် မဏ္ဍိုင်များအကြား ထိရောက်၍ စွမ်းဆောင်ရည်ရှိစွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် စတုတ္ထစက်မှုအသွင်ကူးပြောင်းရေး မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အချိန်အခါအရ အလွန်အရေးပါသဖြင့် အဆိုပါ မူဘောင်ကို အကောင် အထည်ဖော်ရာတွင် ဆွေးနွေးဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ အပါအဝင် Stakeholders များ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်  လိုအပ်ပါကြောင်း အလေးပေးပြောကြားသည်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အာဆီယံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်များ ပိုမိုခိုင်မာစေရေးတို့အတွက် ဟနွိုင်းရှေ့လုပ်ငန်းစဉ်အောက်မှ အစီအစဉ် တစ်ခုဖြစ်သည့်  အရေးကြီးကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ ချမှတ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ အာဆီယံ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့်အတူ ပါဝင်တက်ရောက်၍ အဆိုပါ နားလည်မှု စာချွန်လွှာတွင် မြန်မာနိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းစာချွန်လွှာ၏ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲများကို တုံ့ပြန်ဆောင်ရွက်ရာတွင် အစားအစာ၊ ဆေးနှင့် ဆေးပစ္စည်းများ အပါအဝင် အရေးကြီးကုန်စည်များ လွယ်ကူစွာစီးဆင်းနိုင်ရေးအတွက် အာဆီယံ(၁၀)နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရာတွင် ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများ၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖလှယ်နိုင်ရန်ဖြစ်သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ဆွစ်ဇာလန် ကုန်သွယ်ရေးဝန်ကြီးတို့၏ ဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်သည်။ ဝန်ကြီးများက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ၊ အာဆီယံနှင့် ဆွစ်ဇာလန်တို့က ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ တုံ့ပြန်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးများက အာဆီယံနှင့် ဆွစ်ဇာလန်တို့ အကြား  ဒီဂျစ်တယ် စီးပွားရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။  

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ၏ လူမှုစီးပွားထိခိုက်မှုများအပေါ် တုံ့ပြန်နိုင်ရန်အတွက် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP)ကို မြန်မာနိုင်ငံအနေဖြင့် ရောဂါကူးစက်မှု စတင်တွေ့ရှိသည့်ကာလကပင် အကောင်အထည်ဖော်ခဲ့မှု အခြေအနေများနှင့် ယခုအခါ ရေရှည်စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက် (MERRP ) ရေးဆွဲအကောင်အထည်ဖော်ရန် စီစဉ်နေမှုများကိုလည်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ ဆွစ်ဇာလန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်