ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုဟာ ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက်မြင့်တက် လျက်ရှိနေပြီး တချို့နိုင်ငံတွေမှာဆိုရင် ကိုဗစ် - ၁၉ ရဲ့ တတိယလှိုင်းကို ရောက်နေပြီဖြစ်သလို ဥရောပနိုင်ငံတချို့မှာ ကူးစက်မှုစံချိန်တင်တာတွေ၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ချို့မှာ ကူးစက်မှု ဆက်လက်မြင့်တက်လျက် ရှိနေတာတွေကို ကြားသိနေရပါတယ်။
မြန်မာနိုင်ငံမှာလည်း ကူးစက်မှုတွေဟာ အတိုင်းအတာတစ်ခုအထိပဲ ထိန်းချုပ်ထားနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်တွေကို အခုထက်ပိုပြီး လိုက်နာနေထိုင်ဖို့ လိုအပ်နေသေးသလို အပြင်မထွက်ဘဲ နေလို့ရတဲ့ ပြည်သူတွေဆိုရင်လည်း အတတ်နိုင်ဆုံး Stay at Home ဆက်လက်နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။
အခုဆိုရင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုတွေနဲ့အတူ ဆိုရှယ်မီဒီယာတွေမှာ ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအမှားဖြန့်ဝေမှုတွေ၊ ဆေးနည်းအမှားတွေ ပျံ့နှံ့နေတာတွေလည်း တော်တော်များများ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ပြည်သူတွေကြားမှာ ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ လိုက်နာရမယ့်အရာတွေကို သိရှိနိုင်စေဖို့ မြန်မာနိုင်ငံရဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်လျက်ရှိနေတဲ့ ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက ပြည်သူတွေသိလိုတဲ့ မေးခွန်းတွေကို အပတ်စဉ် ဖြေကြားဆွေးနွေးပေးနေတာ ဒီနေ့မှာတော့ သတ္တမမြောက် ရက်သတ္တပတ်ကို ရောက်ရှိ လာပြီဖြစ်ပါတယ်။
ဒီနေ့ရဲ့ မေးခွန်းများ မေးမြန်း / ဖြေကြား ဆွေးနွေးမှုမှာ ဆရာကြီး ဒေါက်တာသန်းဝင်း [ခေတ္တ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက် ရေးအဖွဲ့ဝင်]၊ ဆရာမ ဒေါက်တာမျိုးမျိုးမွန် [ဒုတိယညွှန်ကြားရေးမှူး၊ (ဌာနခွဲမှူး / ကူးစက် ရောဂါဗေဒ သုတေသနဌာနခွဲ)၊ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၊ တာဝန်ခံ National COVID-19 Call Centre] တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆရာမကြီး ဒေါက်တာသန္တာလွင် [ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။
ဒီနေ့ရဲ့ဆွေးနွေးမှုမှာ ပါဝင်ဆွေးနွေးပေးကြတဲ့ ဆရာကြီး၊ ဆရာမကြီးတို့ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ရဲ့ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဆရာမကြီး ဒေါက်တာသန္တာလွင်ကို ဖိတ်ခေါ်ပါတယ်။
ဒေါက်တာသန္တာလွင်။ ။ ကျွန်မအနေနဲ့ ပထမဦးစွာ ဆရာကြီးဒေါက်တာသန်းဝင်း လက်ခံရရှိထားတဲ့ မေးခွန်းတွေထဲက ရွေးချယ်ပြီး ဖြေကြားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။
ဒေါက်တာသန်းဝင်း။ ။ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကူးစက်ခံရပြီး အနံ့ပျောက်တာတယ်။ ၄ / ၅ ရက်နေတော့ သူက ၄၀ ရာခိုင်နှုန်းလောက် အနံ့ နည်းနည်းပြန်ရလာတယ်။ ၁၀ ရက်ကျော်ပေမယ့် အနံ့ပျောက်တာက လုံးဝမကောင်းသေးဘူး။ အဲဒီတော့ သူကစိုးရိမ်ပြီး သူ့ကိုယ်ထဲမှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်တွေ ရှိသေးလား။ နောက် သူများကို ကူးနိုင်သေးလား ဆိုပြီး မေးထားတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က ကိုယ်ခန္ဓာထဲကို ဝင်လာတယ်။ ရောဂါ ပျိုးရက်အတွင်းမှာ ပွားများပြီးတဲ့အခါ လူကိုစတင်ပြီး တိုက်ခိုက်လာတယ်။ စတင်တိုက်ခိုက် တဲ့အခါမှာ ဖျားမယ်၊ ချောင်းခြောက်ဆိုးမယ်၊ အသက်ရှုကြပ်မယ်၊ အနံ့ပျောက်မယ် ဒီလက္ခဏာတွေ စတင်ပေါ်လာတာကို ကျွန်တော်တို့က Onset of Symptoms လို့ သတ်မှတ်ပါတယ်။
အဲဒီကနေ ကိုဗစ် - ၁၉ ကူးစက်ခံရပြီး Mild and Moderate လို့ခေါ်တဲ့ သိပ်ခပ်ဆိုးဆိုးကြီးလည်း မဟုတ်ဘူး၊ အသင့်အတင့်ပဲဖြစ်တဲ့ လူတွေရဲ့ ကိုယ်ခန္ဓာကနေ အခုလိုပဲ ရောဂါလက္ခဏာ စပေါ်တဲ့ ၁၀ ရက်နောက်ပိုင်းမှာ Swab ယူတယ်။ ပြီးရင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးကို မွေးမြူတယ်။ Culture လုပ်လို့ရှိရင် မတွေ့တော့ပါဘူး။ သွေးချို၊ ဆီးချိုတို့ရှိပြီး ကိုယ်ခံအားနည်းတဲ့၊ ပြင်းပြင်းထန် ထန်ခံစားရတဲ့ လူနာတွေကျတော့ ရောဂါလက္ခဏာ တစ်ခုခုပေါ်ပြီး ၁၅ ရက်ကြာတဲ့ နောက်ပိုင်းမှာ သူ့ဆီကနေ Swab ယူတယ်။ ဗိုင်းရပ်စ်ကို မွေးလိုက်လို့ရှိရင် ဗိုင်းရပ်စ်ရဖို့က အလွန်အခွင့်အရေးနည်းပါတယ်။
အခုလက်ရှိ တွေ့ရှိချက်တွေအရ Onset of Symptoms ကနေစပြီး ရေတွက်လို့ရှိရင် ရက် ၂၀ ကျော် သွားရင် ဒီဗိုင်းရပ်စ်က လုံးဝမရှိတော့ဘူးဆိုတာ တွေ့ရပါတယ်။ မေးခွန်းကို ဖြေကြားရမယ်ဆိုရင် အနံ့ပျောက်တာဖြစ်တဲ့အတွက် သိပ်ပြင်းထန်တဲ့ လက္ခဏာ မဟုတ်ပါဘူး။ သာမန်ထဲမှာ ပါပါတယ်။ ဒီလို လူနာမျိုးက ၁၀ ရက်လည်းကျော်ပြီဆိုရင် ခုနတွေ့ရှိချက်နဲ့ ဖြေကြားရမယ်ဆိုရင် သူ့ကိုယ်ထဲမှာ ဗိုင်းရပ်စ်က မရှိတော့ပါဘူး။ ဗိုင်းရပ်စ် မရှိတဲ့အတွက်ကြောင့် တခြားသူကိုလည်း ကူးစက်နိုင်ဖို့ အခြေအနေ မရှိပါဘူး။
တစ်ဆက်တည်းမှာပဲ သူက ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ပိုးက ကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့ တစ်ပြိုင်တည်း သူက ရောဂါလက္ခဏာ Onset of Symptoms မပေါ်ခင် ၂ ရက်နဲ့ ပေါ်ပြီး ၃ ရက် လောက်မှာ သူ့ကိုယ်ခန္ဓာထဲမှာ ဗိုင်းရပ်စ်က အပွားများဆုံးဖြစ်ပါတယ်။ အဲဒီအချိန်ကသာ လူကို အကူးဆုံး ဖြစ်တဲ့အတွက်ကြောင့် သတိထားပြီး ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။
ခုနက လူနာအနေနဲ့ ပတ်သက်ပြီး ပြောချင်တာက သူကအနံ့ပျောက်တာ နည်းနည်းကျန် သေးတယ်။ ကျန်သေးတဲ့အတွက် သူကိုပြန်ပြီးခေါ်ယူတဲ့ Follow-up Visit တွေမှာ ပြန်လည်ပြသပြီး သက်ဆိုင်ရာ သမားတော်ကြီးတွေ၊ ဆရာဝန်ကြီးတွေရဲ့ ကုသမှုကို ခံယူလိုက်မယ်ဆိုရင် မကြာခင် အချိန်အတွင်းမှာ အနံ့ပျောက်တာက တဖြည်းဖြည်းခြင်း ပျောက်သွားမှာ ဖြစ်ပါတယ်။ သူကနေ တစ်ဆင့် တခြားတစ်ယောက်ကို ကူးစက်ဖို့ အခြေအနေမရှိဘူးလို့ ဖြေကြားလိုပါတယ်။
မေးခွန်းနံပါတ် (၂) က ကိုဗစ် - ၁၉ ကူးစက်ခံရတယ်။ ပထမအကြိမ် ဖြစ်တယ်။ ရောဂါလုံးဝ သက်သာပျောက်ကင်းသွားတယ်။ ဒုတိယအကြိမ် Second Invent ပြန်ကူးနိုင်သလား ဆိုပြီး မေးထားတာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါပိုးက လူရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက်တည်း ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ဝင်လာတဲ့ရောဂါပိုးကို တိုက်ဖျက်ဆန့်ကျင်တဲ့စနစ်ရဲ့ လုပ်ဆောင်မှုကို အနည်းငယ်ပြောပြလိုပါတယ်။ ဝင်လာတဲ့ ကိုဗစ် - ၁၉ ရောဂါပိုးကို သတ်ဖြတ်ချေမှုန်းဖို့ ကိုယ်ခန္ဓာကနေ Antibody ထွက်ပါတယ်။ ဒီ Antibody က ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးအတွက် သီးသန့်ဖြစ်ပြီး ဒီဗိုင်းရပ်စ်ပိုးကို သူကချေမှုန်းလိုက်ပါတယ်။ ဒါကို Neutralizing Antibodies လို့ ခေါ်ပါတယ်။ အဲဒါက ကျွန်တော်တို့ ကိုယ်ခံအားမှာရှိတဲ့ အကောင်းဆုံးလည်း ဖြစ်တယ်။ စိတ်အချရဆုံး ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုး ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။
အခုကျွန်တော်တို့ အားလုံးမျှော်လင့်နေတဲ့ ကာကွယ်ဆေးကလည်း အဲဒီကာကွယ်ဆေးထိုးပြီး ကိုယ်ခန္ဓာထဲမှာ Neutralizing Antibodies ထွက်လာအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ နံပါတ် (၂) ခုခံတိုက်ဖျက်တဲ့ နည်းလမ်းက ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ Cell တစ်မျိုး ရှိပါတယ်။ ခုခံအားနဲ့ ပတ်သက်ပြီး T-Cell လို့ ဆေးပညာမှာ ခေါ်ပါတယ်။
ဒီ T-Cell တွေကလည်း ကိုဗစ် - ၁၉ ကူးစက်တဲ့ Cell တွေကို ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။ သူက တိုက်ရိုက်ဗိုင်းရပ်စ်ကို မဟုတ်ဘဲ ကူးစက်ခံရတဲ့ Cell တွေကို ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။ နောက်ဆုံး တတိယ ခုခံတိုက်ဖျက်တဲ့နည်းလမ်းက မွေးရာပါဆန့်ကျင်တိုက်ဖျက်တဲ့ ကိုယ်ခံအားနဲ့ပဲ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်တိုက်ခိုက်ပါတယ်။
အဲဒီလို ၃ နည်းနဲ့ ဝင်လာတဲ့ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကို ဆန့်ကျင်ပြီး ချေမှုန်းဖို့ ကိုယ်ခန္ဓာက ကြိုးစားတာ တစ်ဦးနဲ့ တစ်ဦးရဲ့ အနေအထားခြင်းက မတူပါဘူး။ အချို့ လူနာတွေမှာ ခုနက ပြောတဲ့ အင်မတန် ကောင်းတယ်၊ ထိရောက်တယ်ဆိုတဲ့ Neutralizing Antibodies တွေ ထွက်လာတယ်။ ဝင်လာတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ချေမှုန်းလိုက်တဲ့အတွက်ကြောင့် လူနာက ပြန်ပြီးနေကောင်းသွားပါတယ်။ အဲဒါအပြင် တခြားသူအတွက်လည်း အကျိုးရှိပါတယ်။ ဒီ Antibodies သာ အများကြီးထွက်ရင် အားလုံးကြားဖူးကြမှာပါ Convalescent Plasma ၊ သူ နေကောင်းလာတယ်၊ နလန်ထ လာတဲ့အခါမှာ ဒီ Plasma ကိုယူပြီး တခြားလူနာကို သွင်းပေးခြင်းဖြင့်လည်း တခြားလူနာမှာ အကျိုးရှိမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လူနာတိုင်း အဲဒီလို ထွက်လားဆိုတော့ လူနာတိုင်း အဲဒီလို မဟုတ်ပါဘူး။ တချို့ လူနာတွေကျတော့ Neutralizing Antibodies က တော်တော် နည်းနည်းပဲထွက်ပါတယ်။ မထွက် သလောက်ပဲရှိတဲ့ လူနာတွေရှိတယ်။ ဘယ်လိုလူနာတွေ အများစုလဲဆိုရင် ရောဂါလက္ခဏာ မပြင်းထန်ဘဲနဲ့ ခပ်ပျော့ပျော့ ခံစားရတဲ့ လူနာတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူနာတွေကလည်း ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ရောဂါကို ပျောက်သွားတဲ့သူတွေ ဖြစ်ပါတယ်။ ဒါဘယ်လိုပျောက်လဲဆိုရင် ခုနက ရှင်းပြခဲ့တဲ့အတိုင်းပဲ ဒုတိယနည်းလမ်းဖြစ်တဲ့ T-Cell တွေကပဲ ဗိုင်းရပ်စ်ပိုးကူးတဲ့ Cell တွေကို သတ်ဖြတ်ပစ်တယ်။ နောက် နံပါတ်(၃) ဖြစ်တဲ့ General Defense Mechanism လို့ခေါ်တဲ့ လူ့ကိုယ်ခံအားနဲ့ သတ်ဖြတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့ သူက ပြန်ပြီးကောင်း သွားတာ ဖြစ်ပါတယ်။
ယနေ့အထိ ကမ္ဘာမှာရှိတဲ့ နိုင်ငံအသီးသီးမှာ ပထမ ကောင်းသွားပြီး ဒုတိယ တစ်ခါပြန်ဖြစ်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဒါပေမယ့် အင်မတန် အရေအတွက်နည်းပါးပါတယ်။ အဲဒီလူတွေက ဘာကြောင့်ပြန်ဖြစ်တာလဲဆိုရင် Neutralizing Antibodies ထွက်တယ်။ ဒါပေမယ့် ရက်ကြာကြာ မနေလို့လား။ ရက်ကြာကြာ မခံလို့လား။ ဒါမှမဟုတ်ရင် ခုနကပြောသလို နည်းနည်းပဲ ထွက်တယ်။ မထွက်သလောက်ပဲ ဖြစ်တယ်။ အဲဒါတွေကြောင့်လား။ ဒါမှမဟုတ်ရင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က New Strain ဖြစ်သလားဆိုပြီး လတ်တလော အခြေအနေအထိက လေ့လာတုန်း ဖြစ်တဲ့အတွက်ကြောင့် အတိအကျ ပြောဖို့ ခက်ပါတယ်။
အကြမ်းဖျင်းအားဖြင့် ဒီမေးခွန်းကို ဖြေကြားရမယ်ဆိုရင် ပထမဆုံးအကြိမ် ကူးစက်ခံရတယ် ကောင်းသွားတယ်။ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေ ရှိပေမယ့် ကူးစက်နိုင်ခြေ အင်မတန် နည်းပါးပါတယ်လို့ ကျွန်တော်အနေနဲ့ ဖြေကြားလိုပါတယ်။
ဒေါက်တာသန္တာလွင်။ ။ မေးခွန်းတွေထဲမှာတော့ Contact Person ထိတွေ့တဲ့လူနဲ့ ပတ်သက်လို့ သူတို့ကို Quarantine ဘယ်လိုလုပ်သလဲ၊ လူနာအနေနဲ့ Quarantine Center ကနေ ဆင်းလာပြီးရင် Home Stay ဘယ်လိုနေရလဲဆိုတဲ့ မေးမြန်းထားတဲ့ မေးခွန်းတွေကို ကျွန်မက ဖြေကြားသွားဖို့ ဖြစ်ပါတယ်။
မိမိကော၊ ပိုးတွေ့လူနာကော Mask ကိုယ်စီတပ်ထားပြီး ၆ ပေအကွာကနေ စကားပြောဆိုခဲ့ရင် Contact Person လို့ သတ်မှတ်ပြီး Quarantine ဝင်ရမှာလား ဆိုတဲ့ မေးခွန်းနဲ့ Contact Person လို့ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး သိလိုလို့ မေးမြန်းထားတဲ့ မေးခွန်းကို ကျွန်မ ဖြေကြား ပေးပါမယ်။
ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ နေထိုင်သူတွေကို Close Contact တွေလို့ ကျွန်မတို့ သတ်မှတ်ပါတယ်။ အဲဒီသူတွေကို ကျွန်မတို့က ရှာဖွေပြီး အသွားအလာ ထိန်းသိမ်းပြီး စောင့်ကြပ်ကြည့်ရှုရမှာ ဖြစ်တဲ့အတွက် ဒီလူတွေဟာ မည်သူတွေလဲဆိုတာကို အချက် အလက်တွေနဲ့ ဖော်ပြချင်တာဖြစ်ပါတယ်။
လူနာနဲ့ အနီးကပ် ထိတွေ့နေထိုင်သူဆိုသည်မှာ လူနာရောဂါလက္ခဏာ မပြမီ ၂ ရက်နဲ့ ရောဂါ လက္ခဏာပြပြီး ၁၄ ရက်အတွင်းမှာ အနီးကပ် ထိတွေ့ခဲ့သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ အနီးကပ် ထိတွေ့တဲ့သူတွေကို ထပ်ပြီးခွဲခြားကြည့်မယ်ဆိုရင် ရောဂါကာကွယ်ရေး ပစ္စည်းတွေဖြစ်တဲ့ Mask အသုံးပြုထားခြင်း မရှိဘဲနဲ့ ခုနက ကိုဗစ် - ၁၉ လူနာကို ထိတွေ့ပြုစုခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းသော်လည်းကောင်း၊ အတူနေ မိသားစုဝင်တွေသော်လည်းကောင်း၊ လူနာနဲ့ နေရာတစ်ခုတည်းမှာ အနီးကပ်နေထိုင်ခဲ့ရင် မိသားစုဝင်တွေသော်လည်းကောင်း၊ နီးကပ်စွာနဲ့ အခြားမိသားစုဝင်တွေ၊ ဧည့်သည်တွေ၊ အိမ်နီးနားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အတန်းတက်ဖော်ကျောင်းသားတွေ စသဖြင့် ဒီလိုထိတွေ့သူတွေကို ဆိုလိုပါတယ်။
ကိုဗစ် - ၁၉ ဓာတ်ခွဲအတည်ပြုလူနာ သို့မဟုတ် ကိုဗစ် - ၁၉ ဖြစ်နိုင်ခြေရှိတဲ့ လူနာနဲ့ အကွာအဝေး (၁) မီတာအတွင်းမှာ အချိန် ၁၅ မိနစ်ကျော်ခန့် မျက်နှာချင်းဆိုင် ထိတွေ့ခဲ့သူတွေလည်း အကျုံးဝင်ပါတယ်။ ဒါ့အပြင် လေယာဉ်ပျံ၊ ကား၊ ရထား၊ သင်္ဘောတွေမှာ လူနာနဲ့ တစ်မီတာ အတွင်းမှာ အတူတကွ စီးနင်းလိုက်ပါလာကြတဲ့ သူတွေကိုလည်း ကျွန်မတို့အနေနဲ့ သတ်မှတ်ထား ပါတယ်။ နောက်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုအထဲမှာ လူနာနဲ့ အနည်းဆုံး ၂ နာရီခန့်အတူ ရှိနေခဲ့တဲ့သူတွေဆိုရင်လည်း အနီးကပ်ထိတွေ့သူများဆိုတဲ့ အုပ်စုထဲကို အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။ ဒီလို Close Contact လို့ခေါ်တဲ့ လူနာနဲ့ အနီးကပ်ထိတွေ့သူတွေကို လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လုပ်ငန်းလမ်းညွှန်တွေအရ သတ်မှတ်ထားတဲ့နေရာ Facility Quarantine တစ်ခုခုမှာ အသွားအလာကန့်သတ်ပြီး ထားရှိမယ်။ ပြီးရင် ဓာတ်ခွဲနမူနာ ရယူပြီး စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာနဲ့ ဆင့်ပွားထိတွေ့ထားတဲ့သူကို Secondary Contact လို့ခေါ်ပါတယ်။ အဲဒီ Secondly Contact ကို မိမိရဲ့ နေအိမ်မှာ အသွားအလာကန့်သတ် နေထိုင်စေပြီး ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာခြင်း ရှိ / မရှိ ကို စောင့်ကြပ်ကြည့်ရှုပေးပါတယ်။ ဒါကြောင့် မေးခွန်းထဲ မှာပါသလို အိမ်မှာပဲ နေလို့မရဘူးလား၊ အိမ်မှာပဲနေရင် အစစအရာရာ ကုန်ကျစရိတ် သက်သာတယ်။ Quarantine Center မှာဆိုရင် တာဝန်ယူရမယ့် လူအင်အားလည်းလိုမယ်။ ကျွေးမွေးဖို့အတွက် ငွေအင်အားလည်းလိုတယ် စသဖြင့် ကုန်ကျစရိတ်တွေ ရှိနိုင်တယ်။ အိမ်မှာပဲ နေခိုင်းလို့ မရဘူးလား ဆိုတဲ့ တစ်ဆက်တည်း မေးခွန်းကို ဒီနေရာမှာ ဖြေကြားချင်ပါတယ်။
ကျွန်မတို့မှာ အရင်းအမြစ်တွေက အကန့်အသတ် ရှိပါတယ်။ ဒါပေမယ့် စိတ်ချယုံကြည်ရမှု အနေအထားတွေက အိမ်မှာဆိုရင် ၆ ပေအကွာအဝေးနဲ့ တစ်ကိုယ်ရည် အကာအကွယ်ပစ္စည်းတွေကို တသတ်မှတ်တည်းသုံးစွဲပြီး အိမ်သားတွေနဲ့ ခွဲခြားနေထိုင်ဖို့ အခက်အခဲရှိနိုင်တာတွေ ဖြစ်တဲ့အတွက် Facility Quarantine Center တွေကို ဖော်ဆောင်ပြီး ဆက်လက်ဆောင်ရွက်နေရဆဲ ဖြစ်ကြောင်းဖြေကြားလိုပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့လည်း ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံရမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လုပ်ငန်းလမ်းညွှန်တွေကို လိုက်နာပေးဖို့ လိုပါတယ်။
နောက်မေးခွန်းတစ်ခုက Treatment Center ပေါ်ပေါက်လာတဲ့ စင်တာတွေအနေနဲ့ ၁၄ ခု အထိရှိပါတယ်။ အဲဒီမှာ ကျွန်မတို့ ပိုးတွေ့လူနာတွေထားခဲ့တယ်။ ၁၀ ရက်မှာ ဆေးရုံက ဆင်းပေး လိုက်တယ်။ ပြီးတော့ အိမ်မှာ ၇ ရက်ဆက်ပြီး Home Quarantine ထားရှိပါတယ်။ အဲဒီလို လုပ်ပြီး သူဟာ ဘယ်အချိန်ကျရင် ရုံးပြန်တက်ရမှာလဲ။ မိသားစုဝင်တွေနဲ့ရော ထိတွေ့မှုရှိလို့ ရပါပြီလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်ကို ကျွန်မတို့ရဲ့ Reference ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရသူသည် ရောဂါလက္ခဏာ ပြသခြင်းမရှိတဲ့ လူတွေအနေနဲ့ ၁၁ ရက်နောက်ပိုင်းမှာတော့ အခြားသူတွေကို ရောဂါမကူးစက်နိုင်တော့တဲ့အတွက် ကိုဗစ်စင်တာကသော်လည်းကောင်း၊ ဆေးရုံကသော်လည်းကောင်း ဆေးရုံဆင်းခွင့်ပြုပါတယ်။
ဒါပေမယ့် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး ဆေးရုံကဆင်းလာသူတွေကို မိမိတို့ နေအိမ်မှာ ၇ ရက်ဆက်လက်ပြီး အသွားအလာ ကန့်သတ်နေထိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီအတိုင်း လိုက်နာဆောင်ရွက်ပြီးပြီဆိုရင်တော့ သက်ဆိုင်ရာလုပ်ငန်းခွင်ကို အလုပ်ပြန်လည်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ မိမိနေအိမ်မှာ ၇ ရက်နေရမယ့် အသွားအလာ ကန့်သတ်နေထိုင်စဉ်အတွင်းမှာ တစ်ဦးတည်း သီးသန့်နေထိုင်ရမယ်။ အိမ်သားတွေနဲ့ အနည်းဆုံး ၆ ပေအကွာမှာ ရှိရမယ်။ စကားပြောဆိုခြင်း၊ ထမင်းအတူစားခြင်း မပြုလုပ်သင့်ပါဘူး။ Mask ကိုလည်း အမြဲတမ်းတပ်ဆင်ပြီး လက်ကို ရေနဲ့ဆပ်ပြာနဲ့ စက္ကန့် (၂၀) သို့မဟုတ် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ လက်သန့်စင်ဆေးရည်နဲ့ မကြာခဏ ဆေးကြောပေးဖို့ လိုအပ်ပါတယ်လို့ ပြန်လည်ဖြေကြားလိုပါတယ်။
တတိယမေးခွန်းက ကိုဗစ်ကာလမှာ စာအုပ်ဖတ်ချင်ပါတယ်။ ဒီစာအုပ်စာရွက်တွေအပေါ်မှာ ပိုးပါလာရင် ပိုးက ဆက်လက်ရှင်သန်နေမှာလားဆိုတာ စိတ်ပူတဲ့သူ ရှိပါတယ်။ ဈေးသွားတယ်၊ ပိုက်ဆံအမ်းလိုက်တဲ့အခါ လက်ထဲပြန်ယူလာတဲ့ ပိုက်ဆံကနေ ရောဂါများကူးနိုင်သလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်တဲ့ ကိုဗစ် - ၁၉ ပိုးက ကြေးနီအပေါ်မှာ ၄ နာရီခန့်၊ သတ္တုပြားပေါ်မှာ ၂၄ နာရီခန့်၊ ပလတ်စတစ်နဲ့ သတ္တုပေါ်မှာ ၇၂ နာရီခန့်ရှင်သန်နိုင်တယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အရာဝတ္တုတွေ၊ မျက်နှာပြင်တွေပေါ်မှာ ကပ်ငြိရှင်သန်နိုင်တဲ့ ရောဂါပိုးတွေကို အစွန်းချွတ်ဆေးရည်၊ အစွန်းချွတ်ဆေးမှုန့်အရည်ဖျော်ပြီး ပက်ဖြန်ဆေးကြောခြင်း နဲ့ ၇၀ ရာခိုင်နှုန် အီသိုင်းအယ်လ်ကိုဟော အသုံးပြုခြင်း ဒါမှမဟုတ် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ဖြစ်တဲ့ ဆပ်ပြာနဲ့ရေကို အသုံးပြုပြီးတော့ ပိုးသတ်သန့်စင်နိုင်ပါတယ်ဆိုပြီး US CDC နဲ့ WHO က ထုတ်ပြန် ထားပါတယ်။
နောက်ဆုံးမေးခွန်းက လေကတစ်ဆင့် ကူးစက်နိုင်သလား ဆိုတာဖြစ်ပါတယ်။ ကျွန်မတို့ တွေ့ရှိချက်အရ အဓိက ကူးစက်နိုင်တာက အသက်ရှုလမ်းကြောင်းက ထွက်လာတဲ့ အမှုန် Respiratory Droplets တွေကတစ်ဆင့် ကူးပါတယ်။ ရောဂါရှိတဲ့သူနဲ့ အနီးကပ် ထိတွေ့နေတဲ့သူ တွေ ကူးနိုင်ပါတယ်။ အဲဒီလို အနီးကပ်ကူးစက်ခံရသူက တစ်ဆင့် ထပ်မံထွက်ရှိလာတဲ့ အသက်ရှု လမ်းကြောင်းက ထွက်လာတဲ့အမှုန်တွေကနေ ဆင့်ပွား၊ ဆင့်ပွား တစ်ဦးကနေ တစ်ဦး ထပ်မံပြီး ကူးစက်နိုင်တာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့က လူတစ်ဦးနဲ့ တစ်ဦး အနည်းဆုံး ၆ ပေခွာပြီး စကားပြောဆိုခြင်းပြုပါ။ Mask ကိုလည်း အမြဲတမ်းတပ်ဆင်ပါလို့ ပြောခြင်းဖြစ်ပါတယ်။ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ကျန်းမာရေးအသိပညာပေး အချက်အလက်တွေထဲမှာ ဖော်ပြထားချက်ကို ထပ်မံပြီး တင်ပြလိုပါတယ်။
အဲဒါက အသက်ရှုထုတ်ခြင်းနဲ့ အကွာအဝေး ၅ ပေခန့်အထိကို အမှုန်အမွှားနဲ့အတူတူ ရောဂါပိုးက ရောက်ရှိနိုင်ပါတယ်။ ချောင်းဆိုးခြင်းအားဖြင့် ၁ စက္ကန့်မှာ ၃၃ ပေနှုန်းအရှိန်နဲ့ ၆ ပေခွဲ အထိ ရောက်ရှိနိုင်တာ ဖြစ်ပါတယ်။ နှာချေခဲ့မယ်ဆိုရင် ၁ စက္ကန့်မှာ ၁၆၄ ပေနှုန်းနဲ့ ၁၉ ပေခွဲကျော် အကွာအဝေးအထိ အမှုန်အမွှားနဲ့အတူတူ ရောဂါပိုးက ရောက်ရှိနိုင်ပါတယ်ဆိုတာ အချက်အလက် တွေအပေါ်မှာ မူတည်ပြီး စကားပြောခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတွေဟာ ရောဂါရှိတဲ့လူသာ ဖြစ်ခဲ့ရင် ဘေးပတ်ဝန်းကျင်ကို ကူးစက်သွားနိုင်တဲ့ အခြေအနေရှိပါတယ်ဆိုတာ တင်ပြလိုပါတယ်။
ဆက်လက်ပြီးတော့ ကျွန်မတို့ရဲ့ National Covid - 19 Call Center ကို ဦးဆောင် တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာမျိုးမျိုးမွန်က မေးခွန်းတွေကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။
ဒေါက်တာမျိုးမျိုးမွန်။ ။ အခုလို ဆွေးနွေးပွဲမှာ ကျွန်မကို ပါဝင်ခွင့်ပေးတဲ့အတွက်လည်း အများကြီး ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ် - ၁၉ နဲ့ဆိုင်တဲ့၊ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကျန်းမာရေး ဗဟုသုတတွေ၊ သတင်းအချက်အလက်တွေကို ပြည်သူလူထုကြားကို မှန်မှန်ကန်ကန်နဲ့ သတင်းအမှားတွေကို တတ်နိုင်သရွေ့ မပြန့်အောင် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ဧပြီလ ၉ ရက်နေ့က စပြီးဆောင်ရွက်ခဲ့တယ်။ ဧပြီလ ၉ ရက်ကစပြီး နေ့စဉ်နံနက် ၈ နာရီကနေ ည ၈ နာရီအထိ ဆရာဝန်တွေက တိုက်ရိုက်ဖြေကြားပေးပါတယ်။ ဖြေကြားပေးတာက စနစ် ၂ ခုနဲ့ပါ။ တစ်ခုကတော့ 2019 ကိုခေါ်လိုက်ရင် စက်ကနေ အစကတည်းက Record လုပ်ထားတဲ့ အသံတွေကို ဖြေကြား ပေးတာရှိသလို ဆရာဝန်က တိုက်ရိုက်ဖြေကြားပေးတာ ၂ မျိုးရှိပါတယ်။
ဆရာဝန် တိုက်ရိုက်ဖြေပေးတာက စဖွင့်တည်းက နေ့စဉ်နံနက် ၈ နာရီကနေ ည ၈ နာရီအထိ ကျွန်မတို့ ဂျူတီတွေနဲ့ အဆိုင်းမန့်တွေ ခွဲပြီးဖြေပေးပါတယ်။ နောက်ပြီး ဇွန်လ ၂၃ ရက်နောက်ပိုင်း ကစပြီး နေ့စဉ်နံနက် ၉ နာရီက ညနေ ၅ နာရီအထိ ပိတ်ရက်မရှိ ဖြေကြားပေးတယ်။ စက်ကနေ ဖြေကြားပေးတာက ၂၄ နာရီပတ်လုံး နေ့စဉ်မေးလို့ရပါတယ်။
စစချင်းမှာတော့ ရောဂါအကြောင်းသိချင်ကြလို့ ရောဂါအကြောင်းတွေကို ကျွန်မတို့က တတ်နိုင်သရွေ့ လူတွေသိဖို့ ပညာပေးနိုင်ခဲ့တယ်။ ကျွန်မတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့အချက်တွေကို အခြေခံပြီး Manual လုပ်ထားပါတယ်။ မေးနိုင်တဲ့ မေးခွန်းတွေကို ကြိုတင်စုဆောင်းထားပါတယ်။ ကျွန်မတို့ အချင်းချင်းတိုင်ပင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဝက်ဘ်ဆိုက်တွေ၊ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေ၊ အဓိကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ကျွန်မတို့ ဖြေကြားပေးပါတယ်။
ဒီလို ဖြေကြားပေးရမှာ ကျွန်မတို့သည် ဖုန်းကနေ အလွယ်တကူမေးလို့ရတယ်၊ ဖြေလို့ရတယ်။ အင်တာနက် အဆက်အသွယ်မရှိတဲ့ နေရာတွေ၊ အင်တာနက်လိုင်းမမိတဲ့ နေရာတွေ၊ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေ၊ အဲဒီလို နေရာကလူတွေပါ ကျွန်မတို့ဆီကို မေးနိုင်တယ်။ First Wave ကနေ အခုအချိန်အထိကို ကျွန်မတို့ဆီကို တောက်လျှောက် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ဆက်သွယ်မေးမြန်းတာတွေကို ဖြေခဲ့ရပါတယ်။
အထူးသဖြင့် အသက်ကြီးပိုင်းတွေ၊ အပြင်သိပ်မထွက်နိုင်တဲ့သူတွေ၊ အသက် ၁၀ နှစ် ပတ်ဝန်း ကျင်ကလေးတွေ ကျွန်မတို့ဆီကို အများကြီးမေးကြတယ်။ အဲဒါတွေကို ဖြေကြားပေးနိုင်တာကို ကျွန်မတို့ အဖွဲ့သားတွေက ကျေနပ်တယ်၊ အားရတယ်။ နောက်တစ်ခုက ကျွန်မတို့အနေနဲ့ ဘာသာ စကားမှာလည်း စက်တင်ဘာလဆန်းပိုင်းကစပြီး ရခိုင်မှာ ဩဂုတ်လလယ်၊ ဒုတိယ Wave စတဲ့ အချိန်၊ ရခိုင်ဖက်မှာ အဖြစ်များလာတော့ ရခိုင်ဖက်က ခေါ်ဆိုမှုတွေ များလာတယ်။
အဲဒီအခါမှာ တစ်ခါတစ်ရံ ဘာသာစကား အခက်အခဲရှိပါတယ်။ အဲဒီအတွက် စက်တင်ဘာ ၂ ရက်ကစပြီး ရခိုင်ဘာသာစကားနဲ့ ဖြေဆိုပေးတာကို ထပ်ထည့်လိုက်တယ်။ အဲဒါကတော့ ဆရာဝန်နဲ့ တိုက်ရိုက်မေးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အမေးများတဲ့ မေးခွန်းတွေကို ကျွန်မတို့ ရခိုင်ဘာသာစကားနဲ့ အသံသွင်းထားပြီး ဖြေကြားပေးတာ ဖြစ်တယ်။
ဒါကလည်း ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ အများကြီး အကျိုးရှိတယ်လို့ ယူဆပါတယ်။ ရခိုင်ဒေသဖက်က ခေါ်ဆိုမှု စုစုပေါင်းက ဒေသအလိုက် ပြောမယ်ဆိုရင် တတိယနေရာက လိုက်ပါတယ်။ အစပိုင်းကတော့ ရောဂါလက္ခဏာအကြောင်းနဲ့ ကာကွယ် ကုသနည်းတွေ မေးတယ်။ အခုနောက်ပိုင်း Second Wave စပြီး တစ်လလောက်ကြာတော့ အများစုက သူတို့ကိုယ်တိုင်နဲ့ သူတို့မိသားစုဝင်တွေ၊ သူတို့အသိုင်းအဝန်တွေမှာ အနံ့ပျောက်တာကို စပြီး ခံစားလာရတယ်။
ဒီလိုခံစားလာရပြီး သူတို့ ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်မတို့ကိုမေးတယ်။ သွားနေကျ ဆေးခန်းတွေ သွားလို့မရတော့ဘူး။ ဆေးခန်းတွေ အများစုက ပိတ်ထားကြပြီ။ အဲဒီအချိန်မှာ သူတို့ အနေနဲ့ အားကိုးတကြီးဆက်ပြီး မေးတယ်။ သူတို့တော့ ဒီလိုဖြစ်နေပြီ၊ ဘယ်နေရာကိုသွား သင့်သလဲ။ ဘယ်သူ့ကို ဆက်သွယ်ဆောင်ရွက်ရမယ်ဆိုတာတွေကို မေးပါတယ်။
အဲဒီတော့ ကျွန်မတို့မှာလည်း အမြဲတမ်းဘယ်လိုသတင်းတွေကို Update လုပ်ရသလဲဆိုတော့ ဉပမာ ပထမလှိုင်းကတည်းက Fever Clinic တွေ ဖွင့်တယ်။ Fever Clinic တွေရှိတဲ့နေရာ သတင်းတွေ အကုန်လုံးစုစည်းရတယ်။ သူတို့ကို ဖြေပေးရတယ်။ ပထမပိုင်းမှာ Fever နဲ့လာရင် Fever Clinic တွေကို လွှတ်ရတယ်။
နောက်ပိုင်းမှာ အနံ့ပျောက်စင်တာတွေ မြို့နယ်အလိုက် လုပ်နေပြီဆိုတဲ့ သတင်းရပြီဆိုရင် ကျွန်မတို့က ထပ်ပြီးစုံစမ်းရတယ်။ စုံစမ်းပြီး အနံ့ပျောက်တဲ့ လူနာတွေ သူတို့က ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲဆိုရင် ကျွန်မတို့က ဖြစ်နိုင်ချေလမ်းကြောင်းတွေကို ပြောပြရပါတယ်။
ကျွန်မတို့အနေနဲ့ အခက်အခဲတစ်ခုကတော့ အတိအကျပြောကြတဲ့နေရာမှာ တစ်ခါတစ်ရံမှာ နည်းနည်း လွဲချော်မှုလေးတွေ ရှိတတ်ပါတယ်။ ဉပမာ - ကျွန်မတို့က ဒီမြို့နယ်က မြို့နယ်ကျန်းမာရေး ဆရာဝန်ကြီးရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်မယ်။ ဒါပေမယ့် အဲဒီမြို့နယ်ကျန်းမာရေး ဆရာဝန်ကြီးက အဲဒီအချိန်မှာ တအားအလုပ်ရှုပ်တဲ့အချိန်တွေ ဖြစ်နေမယ်၊ ဖုန်းခေါ်တာတွေကို မဖြေနိုင်တဲ့ အနေအထားမျိုးတွေ ရှိတတ်ပါတယ်။
ဒါမျိုးတွေဆိုရင် သူတို့က နောက်တစ်ကျော့ ပြန်ခေါ်ပြီး ကျွန်မတို့ကို ပြန်မေးတယ်။ သူတို့တော့ ဖုန်းခေါ်လို့မရဘူးဆိုပြီး စသဖြင့် ဒါမျိုးတွေဆိုရင်လည်း ကျွန်မတို့ လမ်းကြောင်းကတော့ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာန ဖြစ်ပါတယ်။ သူ့ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေကို အသိပေးရပါမယ်။ အသိပေးပြီးရင် ဒီရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကတော့ မြို့နယ်ဆရာဝန်ကြီးတွေနဲ့ အမြဲအဆက်အသွယ်ရှိတဲ့အတွက် ဒီလိုလမ်းကြောင်းကနေလုပ်ပါ၊ ဒီလိုလမ်းကြောင်းကနေ သွားပါလို့ဖြေရပါတယ်။
အဲဒီမတိုင်ခင် စင်တာတစ်ခုခုကို မရောက်ခင်မှာတော့ အိမ်မှာဘယ်လိုကာကွယ်ပြီး မိသားစုဝင်နဲ့ ဘေးပတ်ဝန်းကျင်ကို ထပ်မကူးအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သေသေချာချာ ပညာပေးနှစ်သိမ့် ဆွေးနွေးပေးနိုင်ပါတယ်။
နောက်တစ်ခု အမေးများတဲ့ အကြောင်းအရာကတော့ Quarantine Site တွေမှာ လူတွေ တဖြည်းဖြည်း များလာတယ်။ ကွာရန်တင်းစင်တာမှာ နေရင်းနဲ့ သူတို့မျှော်လင့်ချက်တွေနဲ့ တစ်ခါတစ်လေ မကိုက်ညီတဲ့ အချက်အလက်တွေရှိရင်လည်း ကျွန်မတို့ကို လှမ်းဖုန်းဆက်ပြီး ပြောတာမျိုး၊ တိုင်ပင်တာမျိုးတွေရှိပါတယ်။
အဲဒီအခါမှာလည်း ကျွန်မတို့ ဘာကိုသတိထားပြီး ဖြေပေးရသလဲဆိုတော့ တကယ်တော့ ရှေ့တန်းမှာ အလုပ်လုပ်နေကြတဲ့ ဆေးရုံက ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ နောက်ပြီး Quarantine Site တွေမှာ လုပ်ဆောင်နေတဲ့ လမ်းကြောင်းနဲ့ လွဲချော်မသွားအောင် ကျွန်မတို့ဖက်က သတင်းတွေ အပိုပြောမိတာတွေ၊ ခန့်မှန်းပြီး ပြောမိတာတွေ မဖြစ်အောင် တတ်နိုင်သရွေ့ သတိထားပြီး သူတို့ကိုလည်း နှစ်သိမ့်ပေးရင်းနဲ့ သူတို့ကလည်း ဆရာဝန်တစ်ယောက်နဲ့ ပြောလိုက်ရတယ်ဆိုရင် အဓိကတော့ သူတို့က ဆရာဝန်နဲ့တွေ့ချင်တာ၊ ဆရာဝန်နဲ့ စကားပြောချင်တာတွေ ဖြစ်တဲ့အတွက် ကျွန်မတို့က ဆရာဝန်အနေနဲ့ လက်ခံနားထာင် ပေးလိုက်တယ်၊ ပြောလိုက်တယ်၊ နှစ်သိမ့်ပြီးတော့ သူတို့သိချင်တာလေးတွေ ဆွေးနွေးပေးလိုက်တယ်ဆိုရင် သူတို့ရဲ့ ခံစားချက်တွေ တော်တော်လေးလျော့ကျသွားပြီး ကျွန်မတို့အနေနဲ့ အောင်အောင်မြင်မြင် သူတို့ကို ဆွေးနွေးပေးလိုက်နိုင်တာတွေ ရှိပါတယ်။
ကျွန်မတို့ အနေအထားကတော့ နောက်ကွယ်က Supporting Role က နေပါတယ်။ ပြည်သူ လူထုသိချင်တာတွေကို တတ်နိုင်သရွေ့ သတင်းတွေစုံစမ်းပြီး ဖြေကြားပေးပါတယ်။ အဓိကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ Guideline တွေကို မသွေဖီအောင်၊ သတင်းအမှားတွေ မပြန့်အောင် အဲဒီလို ရည်ရွယ်ချက်နဲ့ ကျွန်မတို့ ရပ်တည်ပါတယ်။
နောက်တစ်ခုကတော့ ကျွန်မတို့ဆီမှာ တခြားသော ဆက်သွယ်မေးမြန်းလို့ရတဲ့ နေရာမျိုး Consultation ဆိုတာရှိပါတယ်။ အဲဒါကတော့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ကို ဘယ်အချိန်ကနေ ဘယ်အချိန်အတွင်း ရောဂါလက္ခဏာတွေ ပြောပြပြီး ဆက်သွယ်မေးမြန်းလို့ ရတာတွေ စီစဉ်ထားတာရှိပါတယ်။
အဲဒါတွေမျိုးတွေဆိုရင်လည်း ကျွန်မတို့က ဒီသတင်းအချက်အလက်တွေနဲ့ ဉပမာ သူတို့က ကိုဗစ်မဟုတ်ဘူး၊ အခြားသော သူတို့ရဲ့ရောဂါတွေကို ကုသချင်တာမျိုး၊ ပြောပြချင်တာမျိုးဆိုရင် အဲဒီကိုဆက်သွယ်ပြီး ဖုန်းနံပါတ်တွေ ချိတ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။
ကျေးလက်ဒေသက ခေါ်ဆိုမှုက ပထမလှိုင်းကနေ အခုဒုတိယလှိုင်းအထိ တောက်လျှောက်ပါပဲ။ ကျွန်မတို့ကို ဖုန်းခေါ်ဆိုတဲ့ ၄၃ ရာခိုင်နှုန်းက ကျေးလက်ဒေသကပါ။ ထက်ဝက်နီးပါး ရှိပါတယ်။ အင်တာနက်လိုင်းမရတဲ့ နေရာတွေအတွက် အများကြီး အထောက်အကူပြုတယ်လို့ ပြောလို့ရ ပါတယ်။
ကျွန်မတို့ရဲ့ ခေါ်ဆိုတဲ့စနစ်ကို နည်းနည်းရှင်းပြချင်ပါတယ်။ 2019 ကို ခေါ်လိုက်ရင် 1 ကို နှိပ် လိုက်ရင် မြန်မာလို ဖြေကြားပေးပါမယ်။ 2 ကိုနှိပ်ရင် ရခိုင်လိုဖြေကြားပေးပါမယ်။ 3 ကတော့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ စစ်ဆေးဖို့အတွက် Booking တင်တဲ့နေရာဖြစ်ပါတယ်။
1 ကို နှိပ်လိုက်ပြီဆိုရင် ကျွန်မတို့ ထပ်ပြီးနံပါတ်တွေ နားထောင်ရပါတယ်။ 1 ဆိုရင် ရောဂါ လက္ခဏာတွေ၊ 2 ဆိုရင် ကုသတဲ့ကာကွယ်ရေး နည်းလမ်းတွေစသဖြင့် 1 ၊ 2 ၊ 3 ၊ 4 ၊ 5 ဘာတွေ နားထောင်လို့ရတယ် ပြောပြီးတာနဲ့ 6 ကတော့ Quarantine Site တွေမှာ နေထိုင်နေတဲ့သူတွေ သိချင်တာရှိရင်မေးဖို့အတွက် ဖြေကြားပေးနေတဲ့ ဆရာဝန်တွေ တစ်အုပ်စုပါ။ သူတို့ကတော့ သူတို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေကနေ ဖြေကြားပေးတာပါ။
ဒါပေမယ့် 2019 ကတစ်ဆင့်ပဲ သွားပါတယ်။ အဲဒါက 6 ပါ။ နံပါတ် 0 ကတော့ ကျွန်မတို့ရဲ့ ဆေးသုတေသနဦးစီးဌာန ရုံးချုပ်ရဲ့ Call Center Station မှာထိုင်ပြီး ဖြေပေးနေတဲ့ လူတွေပါ။ အဲဒီတော့ဆရာဝန်နဲ့ ဖြေပေးနေတာကို နှစ်ဖွဲပါ။ 6 ကလည်း ဆရာဝန်နဲ့ ဖြေပေးတယ်။ 0 ကလည်း ဆရာဝန်နဲ့ ဖြေပေးတယ်။ အဲဒီလို ပုံစံနဲ့ သွားနေပါတယ်။
တစ်နေ့တစ်နေ့လည်း Auto ဖုန်းခေါ်ဆိုမှုက သိန်းဂဏန်းရှိပြီး၊ ဆရာဝန်က တိုက်ရိုက် ဖြေကြားမှုတွေက Call များတဲ့အချိန်ဆိုရင် ၄၀၀ / ၅၀၀ လောက်ရှိပြီး Call ပြန်ကျတဲ့အချိန်ဆိုရင် ၂၀၀ လောက်အထိရှိပါတယ်။ ကျွန်မတို့မှာ တစ်ခါတစ်ရံ အခက်အခဲကြုံရတာတွေ ရှိပါတယ်။ နှောင့်ယှက်တဲ့ Call မျိုးတွေ အစပိုင်းတုန်းက ရှိတယ်။ ကလေးတွေက တစ်ခါတစ်ရံခေါ်တာတွေလည်း ရှိတယ်။
ဒါဆိုရင် ကျွန်မတို့က ဘယ်လိုပြန်ပြီး အကျိုးရှိအောင် အသုံးချသလဲဆိုတော့ ကလေးတွေ ခေါ်ခဲ့ရင် ကျန်းမာရေး အသိပညာပေးတာတွေကို သူတို့နားဝင်အောင် ပြန်ပြီးရှင်းပြ၊ ပြောပြလိုက်တယ်။ ဒါမျိုးလေးတွေ ဆောင်ရွက်ရပါတယ်။ Call Center နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးချင်တာကတော့ ဒီလောက်ပါပဲ ။
ဒေါက်တာသန္တာလွင်။ ။ ဖြေကြားပေးတဲ့ ဒေါက်တာမျိုးမျိုးမွန်ကို ကျေးဇူးတင်ပါတယ်။ တစ်ကယ်တော့ ဒီလိုစင်တာလေး ရှိနေတာ အကုန်လုံး သိဖို့အတွက်လည်း တကယ်လည်း လိုအပ်ပါတယ်။ ကျွန်မတို့ ဗဟိုကူးစက်ဌာနကလည်း First Wave မှာ တောက်လျှောက် Hotline နဲ့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် Second Wave ကတော့ အလွန်ကို ကြီးမားပြင်းထန်ပြီး ပြည်သူတွေက သိရှိလိုသမျှကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်တယ်၊ အဖြေရနိုင်တယ်ဆိုတော့ အတော်ကို ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဖြေကြားပေးတဲ့ ဆရာကြီးနဲ့ ညီမလေးကို အထူးကျေးဇူး တင်ကြောင်းပြောကြားရင်းနဲ့ ဒီနေ့အမေးအဖြေကဏ္ဍကို နိဂုံးချုပ်အပ်ပါတယ်ရှင်။