မြင်းမူ ၁၁ နိုဝင်ဘာ
မိရိုးဖလာ တောင်သူလယ်ယာစိုက်ပျိုးခြင်းနှင့်အတူ မိသားစုတစ်ပိုင်တစ်နိုင် သီးပင်စားပင်များ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာရှိ တောင်သူအချို့မှာ နှစ်စဉ်ရောင်းချရပြီး ဈေးကွက်ရရှိနေသည့် ထိုင်ဝမ်သကြားပြောင်းဖူးပင်များ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
ထိုင်ဝမ်သကြားပြောင်းဖူးပင်မှာ စိုက်ပျိုးပြီး(၂)လအကြာတွင် အဖူးများစတင်ထွက်ရှိကြောင်း ယခုခြံအတွင်း အပင် (၅၀၀၀)ကို စိုက်ပျိုးထားရှိကြောင်း၊ မျိုးအနေဖြင့်နံပါတ်(၇၀၂) ထိုင်ဝမ်အမျိုးအစားဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့နှင့်လုပ်အားခ အပါအဝင် စုစုပေါင်းငွေကျပ်(၁၅၀၀၀၀)ခန့် ကုန်ကျမှုရှိကြောင်း၊ စိုက်ပျိုးပြီးရက်ပေါင်း(၈၀)ခန့်အရောက်တွင် ချိုးယူရောင်းချနိုင်ပြီဖြစ်ကြောင်း ပြောင်းဖူးပင်တစ်ပင်လျှင် မိမိစိတ်ကြိုက် အကောင်းဆုံးအဖူးကို စတင်ခူးယူနိုင်ကြောင်း၊ နောက်ခူးယူမည့် ဒုတိယအသီးမပါ တစ်ပင်လျှင်(၁)ဖူးနှုန်းဖြင့် အဖူး(၅၀၀၀)ခန့်ရရှိပြီး လက်ရှိဈေးအရ (၁)ဖူးလျှင် (၁၀၀)ကျပ် (ဖောက်သည်ဈေး)ဖြင့် ရောင်းချမည်ဆိုပါက ငွေကျပ်(၅၀၀၀၀၀)ခန့်ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း အလ္လကပ္ပကျေးရွာမှ ပြောင်းဖူးစိုက်ပျိုးလုပ်ကိုင်နေသူ ဦးဖိုးဇော်ထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ မိရိုးဖလာ ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် နှမ်းစိုက်ပျိုးလုပ်ကိုင်ခြင်းနှင့်အတူ စိုက်ထုတ်ရင်းနှီးမှုနည်းပါးကာ အမြတ်ငွေပိုမိုရရှိနိုင်ပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသည့် စားဖိုဆောင်သီးနှံများဖြစ်သည့် တိုင်ထောင်ပဲ၊ ခဝဲပင်၊ ဘူးပင်၊ ရုံးပတီသီးပင်၊ ငရုပ်ပင်၊ အပင်နိမ့်မျိုး အာဆီယံဂွေးတောက် စသဖြင့်ရွေးချယ်ကာ မိသားစုပုံမှန်ငွေရရှိရေးအတွက် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)


