မယ်စဲ့ ၁၁ နိုဝင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ် မယ်စဲ့မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၁၄ ဒဿမ ၉၃၂ သန်းဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက် မြေလမ်းအားလမ်းအဆင့် မြင့်တင်ရန် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းကို လမ်းအရှည် (၃)မိုင်ထိ လုပ်ငန်းစတင်ဆောင်ရွက် နိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည် (၁၀)မိုင် (၄)ဖာလုံရှိပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း (၅)မိုင်ဖောက်လုပ်ခြင်း၊ ပေ(၃၀) ကွန်ကရစ်တံတား(၂)စင်းနှင့် Box Culvert (၉)စင်း၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် မြေလမ်း(၅)မိုင် (၄)ဖာလုံဖောက်လုပ်ခြင်း၊ ကွန်ကရစ်/ ဘေလီ တံတား(၆)စင်း၊ Box Culvert (၁၀)စင်းနှင့် (၃)ဖာလုံကျောက် တောင်မိုင်းခွဲခြင်း ဆောင်ရွက်ပြီးစီးခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဗြုန်းကျောက်လမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်း (၃)မိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟိုဂျစ်-တောင်လှကျေးရွာချင်းဆက်လမ်းသည် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၏ နယ်စွန်/နယ်ဖျားကျေးရွာဖြစ်ပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်နိမိတ်ထိစပ် သည့် BP-16 နယ်စပ်ပတ်လမ်းဖြစ်သောကြောင့် ကျေးရွာတစ်ရွာနှင့်တစ်ရွာ ရာသီမရွေးသွားလာနိုင်ပြီး အချိန်တိုအတွင်း မယ်စဲ့မြို့နယ်နှင့် ဖားဆောင်းမြို့နယ်များသို့ ဆက်သွယ်သွားလာနိုင်တော့မည်ဖြစ်၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုင်း (လွိုင်ကော်)


