လွိုင်ကော်   ၁၁  နိုဝင်ဘာ

 

ကယားပြည်နယ် အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေများ လက်ရောက် ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ အဆိုပါ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက  ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများထံ တိကျမှန်ကန်စွာပေးအပ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် နယ်စပ်ဂိတ်များအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်ရန် အဖွင့်အမှာစကားတွင် ပြောကြားခဲ့ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး နှင့် ပြည်နယ်ဥပဒေချုပ် တို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လမ်းညွှန်း မှာကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ခေတ္တဝန်ကြီးချုပ်က မြို့နယ် (၇) မြို့နယ်ရှိ ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများအား သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 

လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်တွင် တင်ပြချက် စာရင်းများအရ အိမ်ထောင်စု (၇,၁၃၁) စု ဖြစ်ပြီး ယင်းအတွက် ထောက်ပံ့ငွေ (၁၄၂,၆၂၀,၀၀၀) ကျပ် အားလည်းကောင်း၊ ဒီးမော့ဆို မြို့နယ်အတွက် အိမ်ထောင်စု (၅,၈၁၂) စုအတွက် ထောက်ပံ့ငွေ (၁၁၆,၂၄၀,၀၀၀)ကျပ်အား လည်းကောင်း၊ ဖရူဆိုမြို့နယ် အတွက် အိမ်ထောင်စု (၁,၁၉၇) စုအတွက် ထောက်ပံ့ငွေ (၂၃,၉၄၀,၀၀၀) ကျပ်ဖြစ်ပြီး ရှားတောမြို့နယ်တွင် အိမ်ထောင်စု (၂၇၈) စု အတွက် ထောက်ပံ့ငွေကျပ် (၅,၅၆၀,၀၀၀) ဖြစ်ပါကြောင်း၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် အိမ်ထောင်စု (၅၇၀) စု အတွက် ငွေကျပ် (၁၁,၄၀၀,၀၀၀) အား လည်းကောင်း၊ ဖားဆောင်းမြို့နယ်တွင် အိမ်ထောင်စု (၁,၁၃၆) စု အတွက် ထောက်ပံ့ငွေကျပ် (၂၂,၇၂၀,၀၀၀)နှင့် မယ်စဲ့မြို့နယ်တွင် အိမ်ထောင်စု (၅၇၄) စု အတွက် ထောက်ပံ့ငွေကျပ် (၁၁,၄၈၀,၀၀၀) တို့အား အသီးသီး ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ပါကြောင်း သိရသည်။

 

စိုးလှိုင်ဌေး (ပြန်/ဆက်)

 

mdn