လေးမျက်နှာ နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိလူနာ ယနေ့ အချိန်ထိ (၃၁)ဦးရှိပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့်မြို့နယ်ပြည်သူ့ဆေးရုံတို့မှ ကျန်းမာရေးဝန်ထမ်း များက ဂရုစိုက်ကြပ်မတ်ကုသခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယမန်နေ့ညနေပိုင်းက လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင်တက်ရောက်ကုသနေသော ပိုးတွေ့ လူနာ(၁၀) ဦးတို့သည် တက်ရောက်ကုသမှုခံယူနေသည့် positive လူနာများထဲမှ ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်ပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့် ရရှိကာ လူနာများသည်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းလူနာများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်က ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ Stay at home နေရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆေးရုံဆင်း လူနာများအား လူမှုကူညီရေးအသင်းတို့မှာကားများဖြင့်အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းထိ ပိုးတွေ့လူနာအားလုံး ကောင်းမွန်သက်သာ၍ ဆေးရုံဆင်းသွားကြပြီးဖြစ်ရာ ဆေးရုံဆင်းလူနာ စုစုပေါင်း(၂၈)ဦးရှိပြီဖြစ်ပြီး ကျန်လူနာများအား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကုသပေးပြီး အားလုံးကျန်းမာရေး ကောင်းမွန်ကြကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်ဆက်)


