ပန်နန်းဒင် ၁၁ နို၀င်ဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်ဒေသတွင် စက်တင်ဘာ ၂၃ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်ကျချောင်းများ မြင့်တက်လာကာ လမ်းများ ချောင်းရေတိုက်စားခြင်း၊ တောင်ပြိုကျခြင်းတို့ကြောင့် လမ်းများပိတ်ဆို့ကာ လမ်းပိုင်း(၂၇)နေရာခန့် ပျက်စီးသွားပြီး ထိုလမ်းပေါ်ရှိ တံတားနှစ်စင်းမှာလည်း ရေမျောပါသွားကြောင်း သိရသည်။
အဆိုပါပျက်စီးသွားသည့် နေရာမှာ နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ လမ်းပိုင်းနေရာများဖြစ်ပြီး ပျက်စီးသွားသော လမ်းပိုင်းနေရာများကို ဘက်ဟိုးယာဉ်တစ်စီး၊ လိုဒါယာဉ်အသေး (၂)စီးနှင့် လူအင်အား(၆)ဖွဲ့ လုပ်သား(၆၀)ဦးခန့် အသုံးပြုကာ တစ်လကျော်ခန့် ပြုပြင်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ ပျက်စီးသွားသည့် လမ်းများနှင့် တံတားများကို ပြန်လည်ဆောက်လုပ်ခြင်းနှင့် ပြိုကျပျက်စီးသွားသည့် လမ်းပိုင်းနေရာများကို ပြုပြင်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ နို၀င်ဘာလ ပထမပတ်တွင် ပြုပြင်ရှင်းလင်းမှုများ ပြီးစီးခဲ့၍ ယခုအခါ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း အင်ဂျင်နီယာ ဦးဇော်ရာဆင်ထံမှ သိရသည်။
နောယော်ဘော်(ပြန်/ဆက်)


