mdn

နေပြည်တော် ၁၁ နိုဝင်ဘာ

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၀) ကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများနှင့် နေပြည်တော်ကောင်စီ စာရင်းစစ်ရုံးများအားလုံးအနေဖြင့် မိမိတို့နှင့်ပတ်သက်သော ပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ပြည်သူများ၏ ယုံကြည်အားကိုးမှု ရရှိရန်ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ယုံကြည်အားထားမှုရရှိရန် ပညာရှင်ကျင့်ဝတ်များ စောင့်ထိန်းကျင့်ကြံ ရမည်ဖြစ်ပါကြောင်း၊ ရိုးသားဖြောင့်မတ်သမာဓိရှိမှု၊ အရည်အချင်းပြည့်စုံမှု၊ လုံ့လဝိရိယနှင့် သတိသမ္ပဇဉ်ရှိမှု၊ လျှို့ဝှက်မှုဆိုင်ရာ ထိန်းသိမ်းဆောင်ရွက်မှု၊ ပြည်သူ့အကျိုးစီးပွား ဦးထိပ်တင် ဆောင်ရွက်မှုတို့နှင့်အညီ ဆောင်ရွက်ပါက ပြည်သူများ၏ ယုံကြည်အားထားမှု ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများက လိုက်နာရမည့် စံများ ISSAIs အရ စာရင်းစစ်ချုပ်ရုံးများသည် စစ်ဆေးခံအဖွဲ့မှ လွတ်လပ်စွာရှိ၍၊ ဘက်လိုက်မှုကင်းပြီး၊ ကိုယ်ကျိုးစီးပွား ဝိရောဓိ ကင်းစွာ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ကျန်းမာပြီး ကိုယ်ခံအားကောင်းရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ယခုကဲ့သို့ ကိုဗစ်ရောဂါ ဖြစ်ပွားကျရောက်နေချိန်တွင် ကံ၊ စိတ်၊ ဉတု၊ အာဟာရ ဆိုသည့်အချက် (၄)ခုအပြင် မိမိနေအိမ်တွင် ရှိရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ လုပ်ငန်းဆောင်ရွက်ရန် အပြင်ထွက်စဉ် နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်အိတ်စွပ်ရန်၊ မကြာခဏ လက်ဆေးကြောသန့်စင်ရန်၊ တစ်ရပ်တစ်ကျေးမသွားရန်တို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ သွားရက်၊ နားရက်များလည်း သတ်မှတ်ထားရှိသဖြင့် နားရက်များတွင် မိမိအတွက် လုပ်ငန်းခွင်အတွက် အကျိုးရှိစေမည့် ကိစ္စများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

စစ်ဆေးရေးလုပ်ငန်းတွင် Financial Audit (FA), Compliance Audit (CA), Performance Audit (PA)တို့ ဆောင်ရွက်ရာ၌ ကိုဗစ်ကာလအတွင်း ရငွေများ၊ သုံးစွဲငွေများ၊ အန္တရာယ်သက်သာစေရေး၊ စားဝတ်နေရေးထောက်ပံ့ပေးငွေ၊ စီးပွားရေး ကျဆင်းမှုသက်သာရန် ချေးငွေ၊ ထောက်ပံ့လျော့ပေးမှုဆိုင်ရာ သုံးငွေများစစ်ဆေးရန်ပါ တိုးမြှင့်လာသည့်အတွက် စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ အသိပညာအမျှော်အမြင်ထားရှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးအောင်မြင်ရေး အချိန်သတ်မှတ်ချက်အတွင်း ပြီးဆုံးနိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တင်ပြချက်များ အဓိက သာမည ခွဲခြားပြီး ထိထိရောက်ရောက် အချင်းချင်း တင်ပြဆွေးနွေးချက်များ အာရုံစိုက်ရန်၊ အထူးသဖြင့် မှတ်သားဖွယ်အသိပညာ ဗဟုသုတ ဖြန့်ဝေမှုများမှ နည်းနာပညာများ ရယူရန် တိုက်တွန်းပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်အားလုံးအတွက် သတိရှိစွာဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်စာရင်း စစ်ချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ဆွေးနွေးတင်ပြကြသည်။

 

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်စာရင်း စစ်ချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နိုဝင်ဘာ (၁၂) ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်