လီဂါ့ဇ်ပီ ၁၁ နိုဝင်ဘာ
ဗမ်ကိုအမည်ရှိ တိုင်ဖွန်းမုန်တိုင်းက ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းပေါ်မှာရှိတဲ့ ပြည်နယ်များသို့ ချဉ်းကပ်လာတဲ့အတွက် ဒေသခံပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့တယ်လို့ အေအက်ဖ်ပီသတင်းအရ သိရပါတယ်။
ဗမ်ကိုတိုင်ဖွန်းဟာ ဒီနေ့နှောင်းပိုင်း သို့မဟုတ် မနက်ဖြန်အစောပိုင်းမှာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ လူဇွန်ကျွန်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
တိုင်ဖွန်းရဲ့အရှိန်ကြောင့် လူဇွန်ကျွန်းအလယ်ပိုင်းနဲ့ တောင်ဘက်ဒေသ အစိတ်အပိုင်းတွေမှာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်တဲ့ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေလည်း ဖြစ်ပွားနိုင်တဲ့လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
ဒါကြောင့် အာဏာပိုင်များက တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းလာဖွယ်ရှိတဲ့ဒေသတွေမှာ နေထိုင်တဲ့ပြည်သူ ၅၀၀၀၀ ခန့်ကို အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် တာဝန်ရှိသူတွေက ညွှန်ကြားထားတာပါ။
မြို့တော်မနီလာဘက်သို့ ဗမ်ကိုတိုင်ဖွန်း ဦးတည်ရွေ့လျားစဉ် ဖြတ်သန်းနိုင်ဖွယ်ရှိတဲ့ ဘီကောလ်ဒေသဟာဆိုရင် မကြာသေးမီက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုလာ့ဗ်နှင့် ဂိုနီတိုင်ဖွန်းဒဏ်နဲ့ ချာချာလည်နေတုန်းပဲရှိပါတယ်။ မိုလာ့ဗ်နဲ့ ဂိုနီတိုင်ဖွန်းကြောင့် ဘီကောလ်ဒေသမှာ လူအများအပြားသေဆုံးပြီးတော့ ပြည်သူထောင်နဲ့ချီ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ်အတွင်း အင်အားအပြင်းထန်ဆုံး တိုင်ဖွန်းဖြစ်တဲ့ ဂိုနီတိုင်ဖွန်းကြောင့် ဘီကောလ်ဒေသမှာ ဓာတ်တိုင်တွေပြိုလဲမှု၊ နေအိမ်နဲ့ ကားလမ်းတွေ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဗမ်ကိုမုန်တိုင်းဟာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခြင်းမပြုမီ တစ်နာရီလျှင် ၁၃၀ နှင့် ၁၅၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ တိုင်ဖွန်းရဲ့အရှိန်ကြောင့် မနီလာမြို့နဲ့ အနီးအနားမှာ ရှိတဲ့ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားနိုင်သလို ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေလည်း ဖြစ်ပွားနိုင်ကာ နိုင်ငံရဲ့အရှေ့ဘက် ကမ်းရိုးတန်းဒေသအစိတ်အပိုင်းနဲ့ မြို့တော်မနီလာမှာ မုန်တိုင်းဒဏ် ပြင်းထန်နိုင်တဲ့လို့ မိုးလေဝသဌာနက သတိပေးလိုက်တယ်လို့ သိရပါတယ်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ