နေပြည်တော် ၁၁ နိုဝင်ဘာ
ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ သတင်းမီဒီယာများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပခဲ့မှု၊ ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာနေမှုအပါအဝင် ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က မိမိတို့၏ ရွေးကောက်ပွဲ စနစ်သည် များစွာပွင့်လင်းမြင်သာမှုရှိသည်မှာ ပေါ်လွင်ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများ နံနက် ၆ နာရီ၌ စတင်ဖွင့်လှစ်ပြီး ပုံမှန်အားဖြင့် ညနေ ၄ နာရီတွင် မဲရုံပိတ်ပါကြောင်း၊ သို့သော်လည်း ညနေ ၄ နာရီမထိုးမီတွင် သက်ဆိုင်ရာ မဲရုံများရှိ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးခြင်း ပြီးမြောက်ပါက မဲရုံပိတ်၍ ဆန္ဒမဲရေတွက်ပါကြောင်း၊ ညနေ ၄ နာရီထိုးပြီးသော်လည်း မဲရုံအတွင်းရောက်ရှိနေသည့် မဲဆန္ဒရှင်များ အားလုံးဆက်လက် ဆန္ဒမဲပေးစေပါကြောင်း၊ မဲဆန္ဒရှင် အားလုံးဆန္ဒမဲပေးခြင်း ပြီးမြောက်သည့်အခါတွင် မဲရေတွက်ပါကြောင်း၊ မဲပေးသည့်အချိန်မှ မဲရေတွက်သည့်ရလဒ်များပြီးဆုံးပြီးနောက် မဲရုံမှူးက မဲရလဒ်များ ထုတ်ပြန်ကြေညာသည့်အချိန်အထိ မဲရုံအတွင်း၌ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ ရှိကြပါကြောင်း၊ မဲရုံကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် မဲဆန္ဒရှင်များက နှစ်သက်ရာလွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေး ရွေးချယ်ပါကြောင်း။
မဲရုံမှူးက မဲရေတွက်သည့်အခါတွင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ၊ သက်သေအဖြစ် မဲဆန္ဒရှင်များထဲမှ အနည်းဆုံး (၁၀)ဦးနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ ရှိပါကြောင်း၊ ၎င်းတို့၏ရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာဖြင့် မဲရေတွက်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့မဲရေတွက်ရာတွင် မဲရေတွက်မှုများကို အချို့မီဒီယာများက တိုက်ရိုက်ထုတ်လွှင့်ပါကြောင်း၊ မဲရေတွက်သည့်နေရာတွင် တစ်စောင်ချင်းစီအလိုက် မည်သူ့ကိုမဲပေးသည်၊ မည်သည့်အတွက်ကြောင့် ပယ်မဲဖြစ်သည်၊ ခိုင်လုံမဲဖြစ်သည်စသဖြင့် မဲရေတွက်ပြီး ဆန္ဒမဲလက်မှတ်များ ထည့်ကြပါကြောင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံ ကိုယ်စားလှယ်များက ခိုင်လုံမဲ မဟုတ်ဘဲ ပယ်မဲအဖြစ်သတ်မှတ်သင့်သည်၊ ပယ်မဲမဟုတ်ဘဲ ခိုင်လုံမဲအဖြစ် သတ်မှတ်သင့်သည် စသည်ဖြင့် ကန့်ကွက်ပြောဆိုပိုင်ခွင့်ရှိပါကြောင်း၊ မဲရုံမှူးက ယင်း ကိစ္စများကိုကြည့်၍ သတ်မှတ်ချက်နှင့် ညီညွတ်မှုရှိပါက ပယ်မဲ၊ ခိုင်လုံမဲကို ဆုံးဖြတ် ပါကြောင်း၊ ပယ်မဲဟုဆုံးဖြတ်ပါက မည်သည့်အတွက်ကြောင့် ပယ်မဲအဖြစ်ဆုံးဖြတ်သည်ကို မှတ်တမ်းတင်ရပါကြောင်း၊
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ ရှေ့မှောက်တွင် မဲဆန္ဒရှင်များက ဆန္ဒမဲလက်မှတ်များကို မဲပုံးထဲသို့ ထည့်ကြပါကြောင်း၊ မဲရေတွက်သည့်အခါတွင်လည်း ယင်းမဲရုံကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်အသိသက်သေများ ရှေ့မှောက်တွင် မဲရေတွက်ပါကြောင်း၊ ရေတွက်ရရှိလာသည့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်း၏ ဆန္ဒမဲအရေအတွက်များကို ယင်းကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအလိုက် ရရှိသည့်မဲအရေအတွက်ကို ပုံစံ-၁၆တွင် ရေးသွင်းပါကြောင်း၊ ယင်းပုံစံ-၁၆ အပေါ်တွင် တာဝန်ရှိသည့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံမှူးများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးပါကြောင်း၊ ပုံစံ-၁၆ ကို (၅)စောင်ပြုစုပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ ၁ စောင်၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲသို့ ၂ စောင်၊ မဲရုံမှူးထံတွင် ၁ စောင်နှင့် မဲရုံတွင် ၁ စောင် ကပ်ထားပါကြောင်း၊ ယင်းမဲရုံတွင် ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ ရရှိသည့်မဲအရေအတွက်နှင့် မည်သူက မဲအများဆုံးရရှိသည်၊ မည်သည့် ပါတီက မဲအများဆုံးရရှိသည်ကို မဲရေတွက်ပြီးပါက ထင်ထင်ရှားရှား သိရပါကြောင်း၊ ထို့ကြောင့် မိမိတို့စနစ်သည် များစွာပွင့်လင်းမြင်သာပြီး မဲရေတွက်ပြီးသည့်နောက် ချက်ချင်းသိနိုင်ပါကြောင်း၊ မည်သည့်လွှတ်တော်ကိုယ်စားလှယ်မှာ ရွေးကောက်တင်မြှောက်ခံရသည်၊ မည်သည့်ပါတီ အနိုင်ရရှိသည်ကို အလွယ်တကူဖြင့် သေသေချာချာ သိရှိနိုင်ပါကြောင်း။
ညနေ ၄ နာရီထိုးပြီးသည့်အချိန်တွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက ၎င်းတို့ထံသို့ ညနေ ၄ နာရီမထိုးမီရောက်ရှိလာသည့် ကြိုတင်ဆန္ဒမဲများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ (သို့မဟုတ်) ၎င်းတို့က ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်ရေတွက်ပါကြောင်း၊ ရေတွက်သည့်အခါတွင် မဲတစ်စောင်ချင်းစီအလိုက် ခိုင်လုံမဲ၊ ပယ်မဲ၊ မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း၏မဲ စသဖြင့် သတ်မှတ်ထားသည့် ခြင်းများအတွင်း ထည့်သွင်းပါကြောင်း၊ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီက ရရှိသည့် မဲအရေအတွက်ကို ပုံစံ-၁၈ တွင် ရေးသွင်းပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ (သို့မဟုတ်) ၎င်းတို့က ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးပါကြောင်း၊ ထို့ကြောင့် ပုံစံ-၁၈ ကိုကြည့်ခြင်းဖြင့် ကြိုတင်ဆန္ဒမဲများနှင့် ပတ်သက်၍ မည်သည့်လွှတ်တော် ကိုယ်စားလှယ်လောင်းသည် မဲအများဆုံးရရှိပြီး ရွေးကောက်တင်မြှောက်ခံရသည်၊ မည်သည့်ပါတီအနိုင် ရရှိသည်ကို ထင်ထင်ရှားရှား တွေ့ရှိနိုင်ပါကြောင်း။
ထို့နောက် မဲရုံအသီးသီးက ပေးပို့လိုက်သည့် ပုံစံ-၁၆ မှ မဲအရေအတွက်နှင့် မြို့နယ်ကော် မရှင်အဖွဲ့ခွဲက ပြုစုထားသည့် ပုံစံ-၁၈ မှ မဲအရေအတွက်နှင့် ပေါင်း၍ ပုံစံ-၁၉ ကို ရေးသွင်းလိုက်သည့် အခါတွင် မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ရွေးကောက်တင်မြှောက်ခံရသည်၊ မည်သည့်ပါတီ အနိုင်ရရှိသည်ဆိုသည်မှာ ချက်ချင်းပေါ်ပေါက်ပါကြောင်း၊ ရွေးကောက်ပွဲပြီး၍ မဲလက်မှတ်များ ရေတွက်ပြီးသည်နှင့် မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိသွားသည်၊ မည်သည့်ပါတီအနိုင်ရရှိသည်ကို အားလုံးက သိရှိသွားပြီဖြစ်ပါကြောင်း။
ရလဒ်များကို ထုတ်ပြန်ကြေညာသည့်အခါတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၆ အရ ကြေညာပါကြောင်း၊ ထိုသို့ကြေညာသည့်အခါတွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းမပါရှိဘဲ ကျန်သည့်လွှတ်တော်ကိုယ်စားလှယ် အသီးသီးရရှိသည့် ဆန္ဒမဲများ၊ လာရောက်မဲပေးသည့် ဆန္ဒမဲမည်မျှ၊ မည်သည့် ရာခိုင်နှုန်းရသည်ကို တွက်ချက်ပြီး ကြေညာရပါကြောင်း၊ ထို့ကြောင့် ယင်းစာရင်းဇယားများကို ပြုစုတွက်ချက်ရသည့် အတွက်ကြောင့် ချက်ချင်းကြေညာခြင်း မပြုနိုင်ပါကြောင်း၊ တွက်ချက်ပြီးပါက လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ကြေညာပါကြောင်း၊ ၎င်းတို့ ကြေညာပြီးသည့်အခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထပ်ဆင့် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်သိရှိရအောင် ကြေညာပေးပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ၂၀၁၅ ခုနှစ်တွင်လည်း ထိုကဲ့သို့ ပြုလုပ်ခဲ့ပြီး ထိုစဉ်ကလည်း ၁၀ ရက်ကြာခဲ့ပါကြောင်း၊ ယခုအခါရလဒ်များကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမြန်ဆုံးထုတ်ပြန်နိုင်ရေး စီစဉ်ထားပါကြောင်း၊ မိမိတို့မှလည်း အမြန်ဆုံးကြေညာနိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအခါ ကိုယ်စားလှယ်စာရင်းကို တော်တော်များများ ကြေညာပြီးစီးပြီ ဖြစ်ပါကြောင်း၊ တစ်ပတ်အတွင်း ပြီးအောင် ကြေညာမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲပြီးစီး၍ ထွက်ရှိလာသည့် ရလဒ်များသည် မြင်သာမှုရှိသည့်အတွက် ချက်ချင်းသိရှိပါကြောင်း၊ ထိုသို့သိရှိသည့် ရလဒ်များအပေါ် ပါတီကြီးများက ယင်းရလဒ်ကို ကြိုဆိုထောက်ခံကြောင်းနှင့် လက်ခံရရှိကြောင်းကို ကြေညာချက်များ ထုတ်ပြန်ပါကြောင်း၊ တချို့သောပါတီများကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် အဆင်မပြေမှုတချို့ရှိသော်လည်း ထိုရလဒ် အပေါ် လက်ခံကြောင်းကို ကြေညာချက်ထုတ်ပြန်ပါကြောင်း၊ ပါတီကြီးတစ်ခုကလည်း ပါတီသက်တမ်းနုနယ်သေးသော်လည်း ယခုကဲ့သို့ ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် ကျေနပ်ဝမ်းသာပြီး မဲဆန္ဒရှင်များကို အသိပေးသည့် ရလဒ်များအပေါ်တွင်လည်း ကျေနပ်ထောက်ခံသည်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ တခြားသောပါတီအချို့နှင့် လွှတ်တော်ကိုယ်စားလောင်းများကလည်း ရလဒ်များကို ကြိုဆိုထောက်ခံကြပါကြောင်း။
ယင်းကဲ့သို့ ထုတ်ပြန်မှုများတွေ့ရခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်မှ ဝမ်းသာပါကြောင်း၊ မဲဆန္ဒရှင်များကို အသိမှတ်ပြုပြီး ရွေးကောက်တင် မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကြိုဆိုသည့် နိုင်ငံရေးပါတီများ ရှိနေသည်ကိုလည်း မိမိတို့ ဝမ်းမြောက်ဝမ်းသာ တွေ့ရှိရပါကြောင်း၊ ယင်းမှာ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီအလေ့အထတွင် အင်မတန်မှ ကောင်းမွန်သည့် အချက်များဖြစ်ပါကြောင်း၊ တချို့သောနိုင်ငံရေးပါတီများမှလည်း ယင်းအပေါ် အငြင်းပွားမှုများ၊ လက်မခံနိုင်သည့်အခြေအနေများ ရှိနေသည်မှာ ဒီမိုကရေစီနည်းအရ ရှိနေမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ မျှတရမည်၊ အများယုံကြည်လက်ခံနိုင်ရမည်၊ ပွင့်လင်းမြင်သာ မှုရှိရမည်၊ မဲဆန္ဒနှင့် ရလဒ်တစ်ထပ်တည်း ရှိရမည် စသည့် စံထားချက်များနှင့်အညီ ကျင်းပမည်ဟု ကြေညာခဲ့ပါကြောင်း၊ မည်သည့်ပါတီနိုင်စေ၊ မည်သည့်ပါတီရှုံးစေဆိုသည့် ဦးတည်ချက်မျိုး လုံးဝမရှိခဲ့ပါကြောင်း၊ စံ ၅ ချက်နှင့်အညီ ကျင်းပမည်ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပရာတွင် ရွေးကောက်ပွဲကြီး လွတ်လပ်ချောမောစွာ ပြီးစီးခဲ့ပါကြောင်း။
ရွေးကောက်ပွဲလွတ်လပ်မှုရှိသည်ကို မီဒီယာများလည်း လေ့လာပြီး ဖြစ်ပါကြောင်း၊ အမှန်တကယ် လွတ်လွတ်လပ်လပ်ဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါကြောင်း၊ ကြိုတင်ဆန္ဒမဲများ ယူသည့်နေရာ၌ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကော်မရှင်မှ ကိုယ်စားလှယ်များ၊ မဲရုံ ကိုယ်စားလှယ်များ ရှေ့တွင်ကြိုတင် မဲပုံးများရယူပြီး စနစ်တကျ လုံခြုံအောင် သိမ်းဆည်းထားပါကြောင်း၊ လုံခြုံရေးအထူး ရဲများမှ စောင့်ရှောက်ထားပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့် လေ့လာသူများအား မည်သည့်အချိန်ဖြစ်ဖြစ် သွားရောက်လေ့လာနိုင်ကြောင်းကို မိမိတို့ ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ နည်းဥပဒေဘောင်အတွင်းမှ တတ်နိုင်သမျှ မျှမျှတတရှိအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် ရွေးကောက်ပွဲကြီး ကျင်းပနိုင်ခဲ့သည်ကို မီဒီယာများလည်း တွေ့မြင်ကြပြီး ဖြစ်ပါကြောင်း၊ အများပြည်သူများ လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်သည်ကို ပါဝင်ယှဉ်ပြိုင်ကြသည့် ပါတီကြီးတချို့ကလည်း ယုံကြည်လက်ခံပါကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပါတီများကလည်း ယုံကြည်လက်ခံနိုင်ခြင်းရှိသည်ကို တွေ့ရပါကြောင်း။
ပြည်ပမှ သံတမန်အဖွဲ့အစည်းများ လာရောက်လေ့လာသည့်အခါ တွေ့မြင်ရမှုအပေါ် ယုံကြည်လက်ခံသည်ဟု ပြောကြားကြပါကြောင်း၊ မဲဆန္ဒရှင်နှင့် ဆန္ဒမဲ တစ်ထပ်တည်း ဖြစ်ရမည်ကိုလည်း မဲဆန္ဒရှင်များပေးလိုက်သည့် ဆန္ဒနှင့်ရလဒ်ကို တစ်ထပ်တည်း ဖြစ်အောင် မိမိတို့ ကြေညာပေးလျက်ရှိပါကြောင်း၊ ယခုရွေးကောက်ပွဲမှာ ကိုဗစ်ကာလ ကြုံကြိုက်နေသော်လည်း မထင်မှတ်အောင် လာရောက်ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မဲရုံများ၌ တာဝန်ထမ်းဆောင် ကြသည့် ဆရာ၊ဆရာမများ ၊ မဲရုံမှူး၊ မဲရုံဝန်ထမ်းများ၏ ကြိုပမ်းအားထုတ်မှုဖြင့် အောင်မြင် ချောမောစွာ ကျင်းပပေးနိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ကူညီပေးကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ကျေးဇူးတင် ရှိပါကြောင်း၊ ရွေးကောက်ပွဲကို မှန်ကန်အောင်၊ တည့်မတ်သွားအောင် မေးမြန်းပူးပေါင်းပြီး ဆောင်ရွက်ပေးသည့် တာဝန်ရှိသူများနှင့် မီဒီယာများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လုံခြုံရေးအရာရှိများ၊ မဲရုံ၌ထားသည့် ကြိုတင်မဲပုံးများကို သေချာစွာဂရုတစိုက် စောင့်ရှောက်ပေးသည့် အထူးရဲအရာရှိများကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ ရွေးကောက်ပွဲကို အားလုံးအဆင်ပြေချောမွေ့အောင် ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြသည့် သက်ဆိုင်သူများအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးကလည်း ရွေးကောက်ပွဲ အားလုံးကြေညာပြီးသည့်အခါ မီဒီယာများနှင့် တွေ့ဆုံပြီး ရှင်းလင်းပြောကြားမည့် အစီအစဉ်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်တွင်းပြည်ပ သတင်းမီဒီယာများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရလဒ်များထုတ်ပြန်မှု နောက်ကျရခြင်းကိစ္စ၊ ရွေးကောက်ပွဲတရား မျှတမှုမရှိဟု ပြောဆိုပြီး ပုံစံ-၁၉ တွင် လက်မှတ်မထိုးသည့်ကိစ္စ၊ ရှမ်းပြည်နယ် မိုင်းတုံမြို့တွင် အသက် ၁၈ နှစ်မပြည့်သေးသူများ မဲပေးသည်ဟု စွပ်စွဲမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သို့တုံ့ပြန်ဆောင်ရွက်သွားမည့်ကိစ္စ၊ မဲဆန္ဒနယ် အချို့၌ မဲပေးနိုင်သည့် ဦးရေထက် လာရောက်မဲပေးသူ ပိုမိုများပြားနေသည်ဟု စွပ်စွဲသည့်ကိစ္စ၊ ကြိုတင်မဲများ တရားမျှတမှု ရှိ၊ မရှိနှင့် စိစစ်ဆောင်ရွက်နေမှု အခြေအနေ၊ မဲပေးခွင့်ရှိသူတစ်ဦးတည်းက မဲစာရင်း ၂ ခုတွင်ပါရှိပြီး ၂ ကြိမ်မဲပေးမှုများ ရှိသည်ဟု ထွက်ပေါ်နေသည့်ကိစ္စ၊ မဲရေတွက်မှု နောက်ကျသည့်ကိစ္စ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အငြင်းပွားနေသည့် မဲရုံအရေအတွက်၊ နောက်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုနေမှုကိစ္စ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးခွင့်ရှိဦးရေထက် လာရောက်မဲ ပေးသည့်ဦးရေ ကျော်လွန်နေကြောင်း စွပ်စွဲချက်ထွက်ပေါ်နေသည့် ကိစ္စ၊ လက်ရှိ ရွေးကောက်ပွဲ အငြင်းပွားသည့် ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေ၊ ယခုရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ဦးရေနှင့် မဲလာရောက်ပေးသူ စာရင်းအား သိရှိလိုခြင်း၊ ကော်မရှင်က ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များ အချိန်နီးကပ်မှ ထုတ်ပြန်မှုအပေါ် ဝေဖန်နေသည့်ကိစ္စ၊ လက်ရှိကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မကျင်းပနိုင်သည့်မဲဆန္ဒနယ်များကို မည်သို့ဆောင်ရွက်သွားမည် ဆိုသည့်ကိစ္စ၊ လက်ရှိ ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် စံ ၅ ချက်နှင့်အညီ ကျင်းပနိုင်ခဲ့ခြင်း ရှိ၊ မရှိ ၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ တိုင်တန်းမှုကို မည်သည့်အချိန်အထိ လက်ခံဆောင်ရွက်ပေးသွားမည်နှင့် မည်သည့်အချိန် နောက်ဆုံးထား ဖြေရှင်းပေးမည့် အခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ၌ နှောက်ယှက်ဟန့်တားမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့မှု ရှိ၊ မရှိဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အသေးစိတ်ပြန်လည် ဖြေကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပုံစံ ၁၉ တွင် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများ လက်မှတ်မရေးထိုးသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက်တွင် သက်ဆိုင်ရာကိုယ်စားလှယ်လောင်းများသည် ပုံစံ ၁၉ တွင် လက်မှတ်ထိုးရန် တာဝန်ရှိပါကြောင်း၊ လက်မှတ်မထိုးလျှင် မထိုးသူတွင်သာ တာဝန်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်ဘူးဆိုသည့် စွပ်စွဲချက်များသည် ယေဘုယျစွပ်စွဲပြောကြားချက်များသာဖြစ်ပြီး ပြန်လည်တုံ့ပြန်ရန် မရှိပါကြောင်း၊ ပါတီကြီး ၃ ခုက ရွေးကောက်ပွဲကို ကြိုဆိုထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ထားပါကြောင်း၊ ယင်းကဲ့သို့သော စွပ်စွဲချက်များသည် ဒီမိုကရေစီကျင့်စဉ်၊ ဒီမိုကရေစီ အလေ့အထတွင် ရှိကြပါကြောင်း။
နောက်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုနေမှုကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်၍ မျှတသည့် ရွေးကောက်ပွဲ ကျင်းပပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ စံ ၅ ချက်နှင့်အညီ ကျင်းပနိုင်ခဲ့ကြောင်းကို သုံးသပ်ရရှိပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပါတီကြီးများအပြင် ပါတီအချို့ကလည်း လက်ခံပြီးဖြစ်ပါကြောင်း၊ ယခုရလဒ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မဲပေးပိုင်ခွင့်ရှိသည့် ဦးရေထက် ပိုပြီး လာရောက်မဲပေးခဲ့မှုရှိကြောင်း စွပ်စွဲပြောကြားချက်နှင့်စပ်လျဉ်း၍ ယင်းမှာ အခြေအမြစ်မရှိသည့် ကိန်းဂဏန်းများအပေါ်တွင် ထင်ယောင်ထင်မှားဖြစ်အောင် ပြောဆိုမှုများဖြစ်ပါကြောင်း၊ သေသေချာချာ ခိုင်ခိုင်မာမာ ရှိပါက ဥပဒေကြောင်းအရ ကုစားနိုင်ကြောင်း၊ ဆောင်ရွက်သွားနိုင်ကြောင်း၊ ဥပဒေနှင့်အညီ သွားရန်လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
သတင်း-မျိုးမင်းနိုင်
ဓာတ်ပုံ-ကိုထိန်


