ဆိုပိုလို ၁၁ နိုဝင်ဘာ
ဘရာဇီးနိုင်ငံ တောင်ဘက်တွင် တည်ရှိသောအကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၁၂ ဦးသည် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု တူးခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်က အကျဉ်း ထောင်မှ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဘရာဇီးအာဏာပိုင်များက ပြောကြားသည်။
အဆိုပါ ထောင်ဖောက်မှုသည် ဘရာဇီးနိုင်ငံတောင်ဘက် အာဂျင်တီးနားနိုင်ငံနှင့် နယ်စပ်အနီးတွင်တည်ရှိသော ပါရာနာပြည်နယ်၊ ပါတိုဘရန်ကိုမြို့ရှိ အကျဉ်းထောင်တစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် အကျဉ်းထောင်မှ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် အကျဉ်းသားငါးဦးကို ရဲတပ်ဖွဲ့က ချက်ချင်းပြန်လည်ဖမ်းဆီးသွားကြောင်းသိရသည်။
ယခုနှစ် သြဂုတ် ၁၀ ရက်က ပါတိုဘရန်ကိုအကျဉ်းထောင်၌ မြေအောက်ဥမင်မှ တစ်ဆင့် အလားတူထောင် ဖောက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၆ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ထောင်ဖောက်မှု တစ်ခုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အကျဉ်းထောင်၏ ကျန်းမာရေးစင်တာတစ်ခုရှိ မြေအောက်ဥမင်လိုဏ်ခေါင်းမှ အကျဉ်းသားများ ထွက်လာနေ သည့်ဓာတ်ပုံကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားသည်။
အကျဉ်းသားများသည် ဥမင်လိုဏ်ခေါင်းတူးရန်အတွက် အထောက်အကူပြု ပစ္စည်းကိရိယာများကို ပိုင်ဆိုင်ထား ဖွယ်ရှိကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့မှ ရဲမှူးဂွီဒိုဘင်ဂျမင်က ပြောကြားသည်။
တစ်ချိန်တည်းမှာပင် အာဏာပိုင်များက အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများ၏ အထောက်အထား ဓာတ်ပုံများနှင့်အတူ သတိပေးချက်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ