မိုင်းယု ၁၂ နိုဝင်ဘာ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင် ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း(Mask) မတပ်ဘဲ လမ်းသွားလမ်းလာပြည်သူများ တွေ့ရှိလာသဖြင့် မြို့ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ကော်မတီအဖွဲ့မှ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက အခုဝယ်အခုတပ်စနစ်ဖြင့် စတင်၍ ပြန်လည် ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို နှာခေါင်းစည်းတပ်ပေးပြီး၊ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများ ထပ်မံ တွေ့ရှိလာသဖြင့် အခုဝယ်၊ အခုတပ် ဒဏ်ပေးစနစ်ဖြင့် ကြပ်မတ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်အတိုင်း နေထိုင်စေရေးနှင့် ဒေသတွင်းရှိ ပျံကျဈေးသည်များကိုလည်း နှာခေါင်းစည်း(Mask)တပ်၍ လမ်းညွှန်ချက်များအတိုင်း ဈေးရောင်းချနိုင်ရေးအတွက် အထူးကြပ်မတ် အသိပညာပေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)


