၁၂ နိုဝင်ဘာ

 

 

အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သန်းကျော် ရှိကြောင်းနဲ့ ရောဂါပိုးကြောင့် သေဆုံးသူ ၄၃,၀၀၀ နီးပါးရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

 

 

ဉရောပမှာ ပထမဆုံး ဗိုင်းရပ်စ်ပိုး ကူးစက်ရာ ဗဟိုဖြစ်ခဲ့တဲ့ အီတလီနိုင်ငံမှာ ၂၄ နာရီတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၃,၀၀၀  နဲ့ သေဆုံးသူ ၆၂၃ ဦးရှိရာ ဗိုင်းရပ်စ် တွေ့ရှိသူ စုစုပေါင်း ၁,၀၂၈,၄၂၄ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၄၂,၉၅၃ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန်  ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီရဲ့ အစိုးရ အဖွဲ့က တစ်နိုင်ငံလုံးအား ညမထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ ဘားတွေနဲ့ စားသောက်ဆိုင်တွေ စောစောပိတ်ရခြင်း၊ ပိုးကူးစက်မှုများတဲ့ ဒေသတွေမှာ ဒေသခံတွေအား အသွားအလာ ကန့်သတ်ခြင်းတွေပါ လုပ်ဆောင်နေပါတယ်။

 

 

နိုင်ငံရဲ့ ကျန်းမာရေး စနစ်ဟာ ဖိအားတွေအောက်မှာ ရောက်နေပြီဖြစ်တဲ့အတွက် ကျန်းမာရေး ပညာရှင်တွေက ဝန်ကြီးချုပ်အား အခုထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေထက် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ရန် တွန်းအားပေးနေကြပါတယ်။ 

 

 

ကူးစက်ရောဂါပိုးဆိုင်ရာ ဌာနရဲ့ အကြီးအကဲ မက်ဆီမို ဂါလီက မီလန်မှာရှိတဲ့ ဆက်ကို ဆေးရုံရဲ့ အခြေအနေဟာ ထိန်းချုပ်မှု မရှိတော့ကြောင်း တနင်္လာနေ့က အင်တာဗျူး တစ်ခုမှာ ပြောကြားလိုက်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ သန်းကျော်သွားတဲ့ နိုင်ငံ ၁၀ နိုင်ငံမြောက်ဟာ အီတလီနိုင်ငံ ဖြစ်သွားကြောင်း၊ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ ပြင်သစ်၊ စပိန်၊ အာဂျင်တီးနား၊ ဗြိတိန်နဲ့ ကိုလံဘီယာ နိုင်ငံတို့ရဲ့ နောက်မှာ အီတလီ ဖြစ်သွားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP