ဆိပ်ဖြူ ၁၂ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ ၁၄ ရွာ ရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန “ငွေသဲဖြူ” ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဒေါ်သက်မွန်အေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂) ဦးကျော်ဆန်းအောင်၊ မြိုန့ယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်တို့က မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် ဖွံ့ဖြိုးမှုအားနည်းသည့် ကျေးရွာများ၊ စီမံကိန်း အမှန် တကယ်လိုအပ်သည့် ကျေးရွာများကို ရွေးချယ်သင့်ကြောင်း ပြောကြားပြီး ဆိပ်ဖြူမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆိပ်ဖြူမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကို ကျေးရွာ ၁၄ ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် စီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ လိုအပ်မည့် အချက်အလက်များ အကြောင်းကို ရှင်းလင်း တင်ပြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်မည့် ကျေးရွာ ၁၄ ရွာတို့ကို ဦးစားပေးအလိုက် အတည်ပြု ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဟေမာမြင့် (ကျေးလက်)


